Tuesday, July 28, 2020

ရသေ့တောင်မြို့တွင် စစ်ဘေးရှောင် ၂၀၀ ကျော် ဂိုဒေါင်ထဲတွင် နေထိုင်နေကြရ

ရသေ့တောင်မြို့တွင်  စစ်ဘေးရှောင် ၂၀၀ ကျော် ဂိုဒေါင်ထဲတွင် နေထိုင်နေကြရ

By DVB 28 July 2020 Print Email
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်ရှိ  ဂိုဒေါင်တလုံးထဲမှာ  စစ်ဘေးရှောင် ၂၀၀ ကျော်ဟာ ကျပ်ကျပ်တည်းတည်း နေထိုင်နေကြရပါတယ်။

ဒီစခန်းမှာ ရသေ့တောင်မြို့နယ် အောင်မြေကုန်း၊ ဆောက်ခတ်နဲ့ ဗောဓိကုန်းရွာတွေက စစ်ဘေးရှောင် အိမ်ထောင်စု ၅၄ စု လူဦးရေ ၂၁၁ ဦး ခိုလှုံနေကြတာဖြစ်ပါတယ်။

အောင်မြေကုန်းကျေးရွာမှစစ်ဘေးရှောင်လာတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးက “စစ်တပ်က ရွာကိုဝင်လာတော့ အဝတ်မပါ အစားမပါဘဲ ပြေးလာရတာပါ။ ခုက တခြားသူတွေဆီက တောင်းရမ်းပြီး ချက်စားနေရပါတယ်။ အိပ်တာတွေကလည်း သမံတလင်းပေါ်မှာပဲ အိပ်နေရပါတယ်။”လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်တဲ့ ကိုကျော်မင်းခိုင်က “အခု ဒီမှာက ပစ္စည်းထားတဲ့ ဂိုဒေါင်မှာ ကျနော်တို့က လုံးဝကို မတတ်သာလို့ထားရတဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေက တကယ့်ကို ဆိုးဝါးပါတယ်။ ကျန်းမာရေး အခြေအနေ တွေလည်း ဆိုးဝါးလာနိုင်ပါတယ်။ တခါတလေ တွေးမိပါတယ်။ ဒီလူတွေက နာဇီခေတ်မှာ လောင်ပိတ်ခံထားရတဲ့ ဂျူးလူမျိုးတွေလို ဖြစ်နေသလား။ ဒါက လုံးဝ ဒုက္ခသည်စခန်းနဲ့ မတူတဲ့ အနေအထားတစ်ခုပါ။” လို့ ပြောပါတယ်။

ဒီဂိုဒေါင်မှာနေထိုင်နေကြရတဲ့ စစ်ဘေးရှောင် ၂၀၀ ကျော်ဟာ အဲဒီနေရာမှာအိပ် အဲဒီနေရာမှာပဲ ချက်စားနေကြရသလို အရွယ်ရောက်နေပြီးဖြစ်တဲ့ အမျိုးသမီးတွေဟာလည်း အတားအဆီးမရှိဘဲ နေထိုင်အိပ်စက်နေတာရတာမို့ လုံခြုံမှုကင်းမဲ့နေသလိုခံစားရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုပါတယ်။

“ညီမလေးက အိမ်မှာဆိုရင် အခန်းထဲမှာ တစ်ယောက်တည်း အိပ်ရပေမယ့် ဒီမှာက အားလုံး စုပြုံအိပ်နေကြရပါတယ်။ နောက်တစ်ခုက အိပ်သာရယ် ရေချိုးမယ့်နေရာတွေက သီးသန့်မရှိဘူး။ ညီမလေးတို့က တအားဒုက္ခရောက်ပါတယ်။”လို့ ၁၀ တန်းဖြေဆိုထားတဲ့ မသဇင်လှိုင်က ပြောပါတယ်။

ဒီစခန်းဟာ နှစ်လကျော်နီးပါးရှိနေပေမယ့် အစိုးရရဲ့ အကူအညီတွေမရတာမို့ စားနပ်ရိက္ခာ၊ လောင်စာထင်း၊ အိမ်သာတွေနဲ့  ကျန်းမာရေးစောင့်ရှောက်မှုတွေစတဲ့ လိုအပ်ချက်တွေ များစွာရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
http://burmese.dvb.no/archives/401870

No comments:

Post a Comment