ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါရွာမှ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးအတွက် တရားမျှတမှုရရှိရန်နှင့် အမှုမှန်ကို အဆောတလျင်စစ်ဆေးနိုင်ရန်အတွက် ဇူလိုင်လ ၂၇ ရက်နေ့၌ အရပ်ဖက်အဖွဲ့အစည်း ၁၂၁ ဖွဲ့က သဘောထားထုတ်ပြန် တောင်းဆိုလိုက်ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ ဒေါ်ဦးဌေးဝင်း (၃၆)နှစ်ကို ဇွန်လ ၂၉ ရက်နေ့က ရွာထဲသို့ ဝင်ရောက် လာသည့် စစ်ကြောင်း တစ်ခုမှ တပ်မတော်သား ၃ ဦးက အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့သည်ဟု ကာယကံရှင် အမျိုးသမီးက ဇူလိုင် ၂ ရက်နေ့က ထုတ်ဖော်ပြောဆိုထားပြီး ဇူလိုင်လ ၁ဝ နေ့က စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။
ရခိုင်အမျိုးသမီးကွန်ရက်မှ ဥက္ကဌ ဒေါ်ညိုအေးက “များသောအားဖြင့် ဒီလိုအမှုတွဲတွေ ရင်ဆိုင်တဲ့အထဲမှာ အမှုဟာ မှေးမှိန်သွားတတ်တယ်။ လေ့လာရသလောက်ကပေါ့။ အဲဒါတွေကို မဖြစ်ရအောင် အမျိုးသမီး အဖွဲ့အစည်းတွေသာမက ရခိုင်တစ်ပြည်နယ်လုံးက အဖွဲ့အစည်းတစ်ရာကျော်ကနေ ကြေညာချက် ထုတ်ပြန် တောင်းဆိုကြတာပါ” ဟု နိရဥ္စရာသတင်းဌာနအားပြောသည်။
ကျူးလွန်ခံရသူ၏ အမှုမှာ ဇူလိုင်လ ၁ဝ ရက်နေ့ကနေ ယနေ့အထိ ၂ ပတ်ကျော်လာပြီဖြစ်ကာ အမှု တည်ဆောက်ပုံမည်သည့်အချိန်အထိ ကြန့်ကြာနေမည်ကို မသိပဲဖြစ်နေမည်ကို မလိုလားဘဲ အဆောတလျင် အမှုကို တည်ဆောက်စေချင်ကာ တရားဥပဒေရှေ့မှောက်ကို ရောက်စေချင်ကြောင်း ဒေါ်ညိုအေးက ဆက်ပြောသည်။
“ကာယကံရှင်အမျိုးသမီးအနေနဲ့လည်း ကြောက်ပေမဲ့ အမှန်တရားအတွက် ထုတ်ဖော်ပြောခဲ့ရတယ်။ အဲဒီအပေါ်မှာ ဘာထိရောက်မလဲဆိုပြီး သူ့နေနဲ့ မေးလာတာတွေရှိနေတယ်။ သူ့စိတ်ဆန္ဒကလည်း ဒါကို ဘယ်လို အရေးယူပေးမလဲဆိုတာ သိချင်နေတယ်။ ကျွန်မတို့ အကုန်လုံးကလည်း အဲဒီအမျိုးသမီးကိစ္စကို စိတ်ဝင်တစားနဲ့ လေ့လာစောင့်ကြည့်နေကြတယ်ဆိုတာ ပထမဆုံးအနေနဲ့ Alarm ပေးလိုက်တာပဲ” ဟု ဒေါ်ညိုအေးကဆက်ပြောသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူးကိုဇော်ဇော်ထွန်းကလည်း ရခိုင်လူမှု အဖွဲ့အစည်း တစ်ခုအနေဖြင့် ယင်းအမျိုးသမီးအမှုအား အရေးယူဆောင်ရွက်ချက်အပေါ် လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်းပြောသည်။
“ကျွန်တော်တို့တိုက်ပွဲကြားထဲမှာ တိုက်ပွဲနဲ့မဆက်စပ်တဲ့ သူတွေကို အကာအကွယ်ပေးရမယ်လို့ နိုင်ငံတကာ ဥပဒေတွေမှာပြဌာန်းထားတာရှိတယ်ပေါ့နော်။ အုပ်စုလိုက်လိင်ပိုင်းဆိုင်ရာကျူးလွန်တာဟာပြင်းထန်တဲ့ ကြီးလေးတဲ့ ပြစ်မှုတွေဖြစ်တယ်။ ဒီဟာတွေကို ထပ်ပြီးတော့ မပြုလုပ်ဖို့ ကျွန်တော်တို့ ထိထိရောက်ရောက် သတိပေးတာဖြစ်တယ်။ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဒီတိုင်းလက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာကို ပြဖို့ ပူးပေါင်းပါဝင်ခဲ့တာပါ” ဟုပြောသည်။
ထုတ်ပြန်ချက်တွင် “ လက်ရှိရခိုင်ပြည်တွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် အပြစ်မဲ့ ပြည်သူများမှာ ကျီးလန့်စာစားနေရပြီး၊ အိုးအိမ်စွန့်ခွာထွက်ပြေးနေရခြင်း အသက်သေဆုံးရခြင်း အိုးအိမ်များ ဖျက်ဆီးမီးရှို့ခံရခြင်းနှင့် သံသယမှုများကြောင့် မတရားဖမ်းဆီးညှင်းပန်းနှိပ်စက်ခံနေရခြင်း စသည့် လူ့အခွင့်ရေး ချိုးဖောက်မှုပေါင်းမျိုးစုံကို ခံစားနေကြရသဖြင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများ ကြောက်ရွံ့ စိုးရိမ်ထိတ်လန့်မှုများနှင့် မလုံခြုံမှုများကို ရင်ဆိုင်နေကြရသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် နောက်ဆက်တွဲအကျိုးဆက်များအဖြစ် (အထူးသဖြင့်) အမျိုးသမီးများမှာ မုဒိမ်းမှုအပါအဝင် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့ခံစားနေကြရပြီး အမျိုးသမီးများ၏ ဘဝလုံခြုံမှု ကင်းမဲ့နေသည့် အနေအထားများကို ရင်ဆိုင်နေကြရသည်ဟု ဖော်ပြထားသည်။
ကျူးလွန်ခံရသူ ကာယကံရှင်အနေဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားမျှတမှုရရှိရန် လိုလား တောင်းဆိုချက်အရ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဥပဒေအရ အကူညီပေးနေသော အဖွဲ့အစည်းတို့၏ လိုက်ပါဆောင်ရွက်မှုဖြင့် ၂ဝ၂ဝ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် စစ်တွေမြို့အမှတ် (၁) မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။
လက်ရှိအခြေအနေတွင် သက်ဆိုင်ရာ ရဲစခန်းနှင့် တာဝန်ရှိသူများမှ ၎င်းတို့၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးအတွက် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီမှလည်း တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်ကို ဧရာဝတီသတင်းဌာန၏ ၂ဝ၂ဝ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ သတင်းဖော်ပြချက်အရ သိရှိရ၍ မိမိတို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အသိအမှတ်ပြုကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
မုဒိမ်းပြုကျင့်ခံရသူ ဒေါ်ဦးဌေးဝင်း၏ တရားမျှတမှု ရရှိရေးအတွက် ရခိုင်ပြည်နယ်ရှိ ဥပဒေအရ အကူညီပေးနေသော အဖွဲ့အစည်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေကြသည့် အဖွဲ့အစည်းများနှင့် အခြားသော အရပ်ဖက်အဖွဲ့အစည်းများကလည်း အစဉ်တစိုက် ဝန်းရံစောင့်ကြည့်လျှက်ရှိကြသည်။
၎င်းအမျိုးသမီး၏ တရားမျှတမှုအတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်အပါအဝင် လွတ်လပ်ပြီး ဘက်မလိုက်သော စုံးစမ်းစစ်ဆေးရေးအဖွဲ့မှ တရားမျှတမှု ရရှိသည်အထိ အဆောတလျင် စစ်ဆေး ဖော်ထုတ်ပေးရန် တောင်းဆိုလိုက်သည်။
ဤကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများအတွင်း အမျိုးသမီးများအား မုဒိမ်းပြုကျင့်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ပေါ်နေခြင်းအပေါ် ကျွန်ုပ်တို့အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း နောင်တွင်လည်း မုဒိမ်းမှုအပါအဝင် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပေါ်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုတင် ကာကွယ် တားဆီး ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးရန် အောက်ပါအဖွဲ့ (၁၂၁) တိုက်တွန်တောင်းဆိုလိုက်သည်ဟု ဖော်ပြပါရှိသည်။
https://www.facebook.com/narinjara.info/photos/a.285339938144757/3443504198994966/?type=3&__xts__%5B0%5D=68.ARDuad9zL8kmieaor5xGy9UWJFhnnUmR5JKTZzHUf4Uk1vY7rydVOGd62tVKsiTnVj-zu0fM2wc90I3b9Z11mX3kDHGsE5oaTNVGU5s8PIayv2JDQY1QSzELMwzaUoRvSrCI_8pxJR9DGedAcB5sx-3xcnyzSXj2nfqb7oe07GgqaQt8pQykMPBQoBwPX47xoLwGrYS3B7vckYqIGPVJi-xF_88g6NS-Sebow1AhRkg_n1LmEm5utQGYM6FsQduvhZ_QQKkZ4tnWfIm3UAcSZq9Fsdy0iwvRij1OgLw0LzAGtv-0oKDu8XvbbmzJqiwQJIqMiG5DSlQRmPjJSzfsnKz0mw&__tn__=-R
-
No comments:
Post a Comment