ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာမှ တပ်မတော်စစ်ကြောင်း တစ်ခုမှ ဖမ်းခေါ်ယူသွားသည့် လူငယ် တစ်ဦးကို ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်းနှင့် စိုးရိမ်ထိတ်လန့်၍ ရွာကို စွန့်ခွာထွက်ပြေးကြသူများမှာလည်း ယနေ့ ရွာသို့ ပြန်လာကြပြီဖြစ်ကြောင်း လိပ်ခမော်ကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးမောင်မြင့်က ပြောကြားသည်။
“ မနေ့ညနေမှာ အဲဒီလူငယ်ကို ပြန်လွှတ်လိုက်တဲ့အတွက် ရွာကို ပြန်ရောက်နေပါပြီ။ ရွာကနေ စွန့်ခွာထွက်ပြေးသွားကြတဲ့ ရွာသားတွေလည်း ပြန်လည် ရောက်ရှိလာကြပါပြီ” ဟု ဦးမောင်မြင့်က ပြောကြားသည်။
တပ်မတော်စစ်ကြောင်းတစ်ခုသည် ရွာအနီးတွင် နှစ်ရက်ခန့် တပ်စွဲနေထိုင်ခဲ့ပြီးနောက် ဇူလိုင် ၂၆ ရက် ညအချိန် ရွာမှ ပြန်အထွက်တွင် ကြက်မွေးမြူရေးလုပ်ဆောင်နေသည့် လူငယ် တစ်ဦးဖြစ်သူ မောင်စိုးအောင်(ခ) ဘိလပ် (၂၁)နှစ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းနောက်ကျေးရွာ၏ ၇ဝ ရာခိုင်နှုန်းခန့် ရွာသားများမှာ ကြောက်လန့်စိုးရိမ်ပြီး ကျောက်ဖြူမြို့ပေါ်နှင့် ဂုံးချိန်ကျေးရွာအပါအဝင် တစ်ခြားနီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
“ အခုက အခြေအနေ အေးဆေးတည်ငြိမ်နေပါတယ်။ အခုရွာသားတွေ အားလုံးပြန်လာကြပါပြီ။ ရွာသားတွေလည်း ပြန်လာကြပြီဆိုတော့ တစ်ချို့လည်း လယ်ထွန်သူ လယ်ထွန်၊ ပျိုးနုတ်သူနုတ်နဲ့ ပုံမှန် အလုပ် လုပ်နေကြပြီ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
လိပ်ခမော်ကျေးရွာသည် အိမ်ခြေ ၁၄ဝ ကျော်ရှိပြီး ကျောက်ဖြူမြို့တောင်ဘက်တွင် တည်ရှိသည်။
https://www.facebook.com/narinjara.info/posts/3440931489252237?__xts__%5B0%5D=68.ARBNCnS7P5_irPTr_54UMIQ91SM5BhL33iXk5NTV2nNrKJf-xc8mC7yZqGAYT0FXiPoFsmj-WwXLmgILEms8e5JZFrxgi4fOow6JQMtGSD8hsmAZnGcdkNSwMfKYh4rZEpZEmJKFNFTwN7lqjX6CkE4LB8CFASsUrXXMFLKiwIYb4aj2OGzJsRJt2nAc3tyX-jUEtTiBCdi3XKZb63KHKH71dHD1wuhNfMdFKCZRMU8XUYyP8vvdcPKVnuTjxIjHlOBfJxBmxEAHob80mdDRolvPjrZUZnEJu-xk4ItOCGkN2M3c3uZ2j4JbaftsIL1pnUOQK6g1bs2hvd8AJKJCeqfIVg&__tn__=-R
No comments:
Post a Comment