Thursday, July 30, 2020

တိုက်ပွဲကြောင့်မြောက်ဦးသို့ အဝင်ကိုခွင့်ပြုပြီး အထွက်ကို တားမြစ်ထား

မြောက်ဦးမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြောက်ဦးမြို့ထဲသို့ အဝင်ကို ခွင့်ပြုပြီး အထွက်ကို တားမြစ်ထားသည်ဟု သိရသည်။
ဒေသခံ တစ်ဦးက “ ပိတ်ထားတာက ထမ္မရာဇ်ရပ်ကွက်မှာရှိတဲ့ မြို့မရဲစခန်းဂိတ် ငွေတောင်ပေါက် တံတားအနီးက ပိတ်ထားပါတယ်။ မြို့ထဲကို ဝင်မယ့်သူတွေကို ခွင့်ပြုတယ်။ မြို့ထဲက ထွက်မယ့်သူ ဘယ်သူမှ ထွက်လို့ မရဘူး။ ခွင့်မပြုဘူး။ ထမ္မရာဇ်ရပ်ကွက်ကို သွားမယ့်သူ၊ ဆေးရုံကို သွားမယ့်သူ၊ ဆရာဝန်ကြီးတွေကိုတောင် ပိတ်ထားတယ်။ ထွက်ခွင့်မပေးဘူး။ ရဲတပ်ဖွဲ့က လမ်းကို လုံခြုံရေးယူပြီး ပိတ်ထားတာပါ” ဟု ပြောသည်။
သို့သော်လည်း နောက်ပိုင်း တစ်နာရီခန့် အကြာတွင် ဆေးရုံသို့သွားသည့် ဆရာဝန်ကြီးကားကို သွားခွင့်ပြုလိုက်သည်ဟု သိရသည်။
“ မြို့က အထွက်ကို ပိတ်တာက ညနေ ၃ နာရီ ၄ နာရီ ရဟတ်ယာဉ်နဲ့ ပစ်ခတ်လို့ နာရီဝက်လောက် အကြာမှာ ပိတ်ထားတာ။ မနက်ကတော့ မြောက်ဦးက တိန်ညိုကို သွားလို့ မရဘူး။ တိန်ညိုကလည်း မြောက်ဦးဘက်ကို လာလို့ မရဘူး။ ကြားမှာ တိုက်ပွဲတွေ ဖြစ်နေတာကို။ ဒါပေမယ့် ထမ္မရာဇ်ရပ်ကွက် လောက်ထိ သွားလို့ရတယ်။ ညနေပိုင်း ၃ နာရီကစပြီး ကားတွေ၊ ဆိုက်ကားတွေ၊ စက်ဘီးတွေ၊ လူတွေက အစ ထမ္မရာဇ်ကိုတောင် သွားလို့ မရ ဖြစ်သွားတယ်။ ကျွန်တော်ဆိုရင် ထမ္မရာဇ်ကို သွားဖို့ စောင့်နေတာ ညနေ ၄ နာရီကတည်းက ငွေတောင်ပေါက်က စောင့်နေတာ။ အခု ၇ နာရီထိုးနေပြီ သွားလို့ မရသေး” ဟု ၎င်းက ပြောကြားသည်။
ရဲတပ်ဖွဲ့ကို သွားမေးရာတွင် အထက်က အမိန့်အရ ပိတ်ထားခြင်းဖြစ်ကြောင်း၊ အထက်က အမိန့်ရသည်နှင့် ခွင့်ပြုပေးမည်ဟု ပြောကြောင်း၊ တိုက်ပွဲဖြစ်ပွားနေ၍ သွားလာခွင့် မပြုခြင်းဖြစ်နိုင်ကြောင်း တစ်ခြား ဒေသခံ တစ်ဦးကလည်း ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာမှာ မြောက်ဦးမြို့နှင့် မဝေးကြောင်၊ ၎င်းနေရာကို ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်ခဲ့ပြီး မြောက်ဦးမြို့ပေါ်ရှိ တပ်ရင်များမှလည်း အမြောက်ကြီးများပစ်ခတ်မှုများရှိခဲ့ကြောင်း၊ ညနေ ၄ နာရီလောက်တွင် သေနတ်သံများ တိတ်သွားကြောင်း၊ ထမ္မရာဇ်ရပ်ကွက်အပါအဝင် မြို့ထဲသို့ အလုပ်သွားလုပ်သူများမှာ ညအချိန်ထိ မြို့ထဲတွင် ပိတ်မိနေသည်ဟု ၎င်းက ပြောကြားသည်။

https://web.facebook.com/narinjara.info/posts/3447597345252318?__xts__%5B0%5D=68.ARDXLjoEvBBaN2OKzIRHOrQVkLsDbBLx2JTUOJ1ZvsEw_hitlxg1BTDjuFRJzns_tO-Jy3AVyIDjdVltxOO49xjsP6o1of76AOExNHOcsHmafW84JCQlS8QLmu--1kD8VdZDQEaN6_IvrllQhLnyAlx4MpI7CpsweuLCRJYAxn-wXXAmugnnAL8QtjJgNkT2orTGCS03nStUJH-6vT3rPbp1E8nBPZNJqdbi7QTPGJXDAz2Tlp3M_1CM5zNcGJZpeYHSNdgp4fw66fMIwxY04s3pm4I7K8Xf_7lvRWKgb_xsq-t5SMdDQB4kZzy9LPc4aYAMffVwWyLrGucp3SJ56axbwA&__tn__=-R

No comments:

Post a Comment