Thursday, July 2, 2020

ရသေ့တောင်ဒေသဘက် စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံတွေ ထွက်ပြေးနေရဆဲ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ နယ်မြေရှင်းလင်းမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းလိုက်ပေမဲ့ ဒီကနေ့အထိ ဒေသခံတွေ သောင်းနဲ့ချီပြီး ထွက်ပြေးနေကြရတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။
ရသေ့တောင်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့အတွက် ဒေသခံတွေ တိမ်းရှောင်ဖို့ ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းထားပေမဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကျွန်းဒေသမှာ ဆိုရင်လည်း ပစ်ခတ်မှုတွေ တပ်မတော်စစ်ကြောင်းတွေ ဝင်ထွက်သွားလာနေတာတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ရသေ့တောင်မြို့ပေါ်နဲ့ တခြားမြို့ပေါ်တွေကို ဒီကနေ့ အထိထွက်ပြေးနေကြရတယ်လို့ စစ်ရှောင်ကူညီသူ ကိုဘက္ကာက ပြောပါတယ်။
"နှစ်ရက်၊ သုံးရက်လောက် ရှိပြီပေါ့နော်။ ကျနော်တို့ ရသေ့တောင်မြို့နယ် တောင်ပိုင်းပေါ့နော် ဒီမူစဲကျွန်း ဂူတောင်တိုက်နယ်မှာ ရှိတဲ့ကျေးရွာ ၇ ရွာလောက်ဟာ မြန်မာ့တပ်မတော်စစ်ကြောင်း နှစ်ကြောင်း ရွှေလောင်တင်က တစ်ကြောင်းတက်တယ်။ နောက်ပြီးတော့ ကန်ပြင်က တစ်ကြောင်း တက်နေတာကြောင့် ဒေသခံတွေက ကြောက်လန့်ပြီးတော့ ထွက်ပြေးနေကြရတယ်။"ဒီရက်ပိုင်းအတွင်းမှာ ထွက်ပြေးလာတဲ့ ရသေ့တောင်မြို့နယ် ဆောက်ခတ်ကျေးရွာက ကိုကျော်ဇံကတော့ သူတို့နေရပ်မှာ မလုံခြုံလို့ တစ်ရွာလုံး ထွက်ပြေးလာကြတာဖြစ်တယ်လို့ ပြောပါတယ်။
"အခြေအနေကတော့ တော်တော်လေးကို ဆိုးရွားနေပြီဗျာ။ ကျနော်တို့မှာ ဘယ်လိုမှကို လုပ်ကိုင်စားသောက်လို့ မရဘူး။ လက်နက်ကြီးတွေနဲ့ ပစ်နေကြတာ။ ရွာတွေမှာလည်း နေလို့မရတော့ဘူး။ ရွာသားတွေကိုလည်း လည်ပင်းတွေ တက်နင်းပြီးတော့ အကြမ်းဖက်တာတွေ ရှိတော့ အကုန်လုံးက ကြောက်လန့်ပြီးတော့ ထွက်ပြေးနေကြရတယ်။"
လက်ရှိအချိန်မှာ ရသေ့တောင်မြို့ပေါ် စစ်ရှောင်စခန်းမှာ နေထိုင်ကြတာဖြစ်ပြီး စားဝတ်နေရေးအတွက် ခက်ခဲနေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
"အဆင်မပြေဘူး။ စားဝတ်နေရေးတွေလည်း လောက်လောက်ငှငှ မရှိဘူး။ လူဦးရေကလည်း တဖြည်းဖြည်း တိုးလာတာဆိုတော့ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေမှာလည်း အခက်အခဲရှိကြတာ။ လုံလောက်မှု မရှိဘူး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစစအရာရာ ဘယ်မလိုမှကို အဆင်မပြေဘူး။"
ရသေ့တောင်မြို့ပေါ်မှာ နဂိုကတည်းက စစ်ရှောင်တွေ အများအပြား ရှိနေသလို အစိုးရက နယ်မြေရှင်းလင်းရေး ကြေငြာပြီးနောက်ပိုင်းမှာ စစ်ရှောင်ပိုတိုးလာဖြစ်တယ်လို့ စစ်ရှောင်ကူညီသူ ကိုဘက္ကာက ပြောပါတယ်။
"ကျနော်တို့ ရသေ့တောင်မြို့နယ်အတွင်းမှာ ကျနော်တို့ နဂိုကတည်းက ရှိတဲ့ ထွက်ပြေးနေရတဲ့ စစ်ရှောင်ဦးရေက ၂၀,၀၀၀ ကျော်လောက်ရှိတယ်။ အခုရက်ပိုင်းအတွင်းမှာ ရသေ့တောင်မြောက်ဘက်၊ အရှေ့ဘက်နဲ့ တောင်ဘက် မူစဲကျွန်းဘက် ထပ်ရောက်လာတဲ့ သူတွေနဲ့က ၃၀,၀၀၀ လောက်ရှိတယ်။ အားလုံးပေါင်းကတော့ ၅၀,၀၀၀ ကျော်လောက်ရှိတယ်။"လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် အိုအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူတွေ ၁၀၀,၀၀၀ ကျော်အထိ ရှိနေတယ်လို့ စစ်ရှောင်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ရဲ့ စာရင်းအရ သိရပါတယ်။
စစ်ရှောင်တွေနဲ့ ပတ်သတ်ပြီး အစိုးရက ကူညီထောက်ပံ့ပေးနေတာတွေ ရှိပေမဲ့လည်း အားနည်းနေ သေးတာကြာင့် အစိုးရအနေနဲ့ စစ်ရှောင်အရေးပိုပြီးတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်ကပြောပါတယ်။
"ဖြေရှင်းဖို့ တာဝန်အရှိဆုံးနဲ့ လူအင်အား၊ ငွေအင်အား အတတ်နိုင်ဆုံးကတော့ အစိုးရပါပဲ။ အစိုးရက ကူညီ ထောက်ပံ့ပေးရမယ်။ စောင့်ရှာက် ပေးရမယ်။ ဆိုပြီးတော့ ဥပဒေကလည်း ပြဌာန်းထားတယ်။ ဝန်ကြီးဌာနတောင် ဖွဲ့ပေးထားတာပဲ။ လူကယ်ပြန်ဝန်ကြီးဌာနက ဒီကိစ္စတွေအတွက် ဖွဲ့ပေးထားတာ။ အစိုးရမှာ တာဝန် အများကြီးရှိတယ်။ ဆင်းရဲနွမ်းပါးတဲ့ ရခိုင်ပြည်သူတွေက အဓိက ထောက်ပံ့ပေးထားရတယ်။ အရင်ကတောင် ဒုက္ခသည်တွေ စားဝတ်နေရေးအတွကို ပြည်သူလူထု အလှူအတန်းတွေနဲ့ ဒီလောက်ဖြည့်ဆည်း မပေးနိုင်ဘူး။ အခုက များသထက် များလာတယ်။ မိုးရာသီလည်း ဖြစ်နေတော့ သွားရေးလာရေး ကအစ ဆန်ရေ စပါးတွေကလည်း ရှားပါးလာတယ်။ ဒီအချိန်မှာ အစိုးရက ကူညီကယ်ဆယ်ရေးတွေ အများကြီး လုပ်ပေးရမှာ လက်ရှိမှာက အစိုးရက ဘယ်နားမှာလဲတောင် မသိဘူး။"
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်မှုတွေနဲ့ ဒုက္ခသည်တွေ ထွက်ပြေးနေရတဲ့ အခြေအနေတွေအပေါ် ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ သံရုံးတွေက စိုးရိမ်တဲ့ သဘောထားတွေ ထုတ်ပြန်ပြီး နောက်မှာပဲ ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးအတွက် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ညွှန်ကြားချက်ကို ပြည်နယ်အစိုးရက ပြန်ရုပ်သိမ်းခဲ့တာပါ။
ညွှန်ကြားချက် ပြန်ရုပ်သိမ်းလိုက်ပေမဲ့လည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးကလည်း ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ အဆုံးသတ်ဖို့လည်း ဂျနီဗာမြို့မှာပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တိုက်တွန်းခဲ့တာပါ။
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ ကလည်း ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေတွေ ပိုဆိုးလာမှာ စိုးရိမ်ကြောင်းလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့မှာပဲ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်သတိပေးထားပါတယ်။

No comments:

Post a Comment