Thursday, July 2, 2020

ရသေ့တောင်တွင် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့က မုဒိမ်းကျင့် ဆိုသော သတင်းကို စုံစမ်းနေဟု လွှတ်တော်အမတ်များပြော

ရသေ့တောင်တွင် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့က မုဒိမ်းကျင့် ဆိုသော သတင်းကို စုံစမ်းနေဟု လွှတ်တော်အမတ်များပြော
ရန်ကုန်၊ ဇူလိုင် ၂
ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာတွင် အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်အဖွဲ့ဝင်တချို့က မုဒိမ်းပြုကျင့်ခဲ့သည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး အတည်ပြုရန် စုံစမ်းနေကြောင်း ရသေ့တောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာတွင် အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို လက်နက်တပ်ဖွဲ့ဝင်တချို့က အဓမ္မပြုကျင့်ခဲ့မှု ဇွန်လ ၃၀ ရက်နေ့ ည ၁၁ နာရီခန့်ကဖြစ်ပွားခဲ့သည်ဆိုသော သတင်း များထွက်ပေါ်လာကြောင်း၊ ယင်းသတင်းနှင့်ပတ်သက်ပြီး ပြုကျင့်ခံရသူ အမျိုးသမီး အမည် နှင့် မိသားစုဝင်များ၏ အမည်များ တိကျစွာ ထွက်ပေါ်လာ ကြောင်း ရခိုင်ဒေသခံများထံမှစုံစမ်းသိရှိရသည်။
"ကျမတို့လည်း သတင်းကြားတယ်။ မနေ့ကလည်း ကျမတို့ အဲဒီရွာကို ရောက်ပါတယ်။ အဲဒီလို သတင်းကြားတဲ့အတွက် အဲဒီအိမ်ကိုလည်း ဝင်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးရော၊ သူတို့ မိသားစုတွေရော သူတို့ စစ်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတာ သိရပါတယ်။ Confirm လုပ်လို့ ရတယ်၊ မရဘူးလို့ ကျမ မပြောလိုပါဘူး။ ဘာလဲဆိုတော့ အဲဒီအမျိုးသမီးကို တွေ့ပြီးမှပဲ။ သူရဲ့ ထွက်ဆိုချက်အပေါ်ကို ကြည့်ပြီးတော့မှ ကျမတို့က Confirm လုပ်ရမှာပါ။ ကျမတို့ မျက်မြင်ကိုယ်တွေ့လည်း မဟုတ်သေးဘဲနဲ့ သူနဲ့လည်း တိုက်ရိုက် မတွေ့သေးလို့။ ဒီဘက်မှာ လူမှုရေးအဖွဲ့အစည်းတွေလည်းရှိပါတယ်။ နောက်တစ်ခါ လူအခွင့်အရေးအဖွဲ့အစည်းတွေ လည်းရှိပါတယ်။ တကယ်လို့ အမှန်တရားတစ်ခု ထွက်လာခဲ့တယ်ဆိုရင်တော့ ကျမရဲ့ မဲဆန္ဒနယ်လည်းဖြစ်နေတယ်။ အမျိုးသမီးလည်းဖြစ်နေတဲ့အတွက် ကျမတို့က ဝိုင်းကူညီရမှာပါ။ ဒီလို ပူးပေါင်းပြီးတော့ လုပ်သင့်တာပေါ့။ သတင်းကိုတော့ ခိုင်မာမှု ရှိ၊ မရှိကို စောင့်ကြည့်နေပါတယ်။ ကျမအနေနဲ့ အတည်ပြုလို့မရသေးဘူး။ လောလောဆယ်မှာ" ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကမူ မုဒိမ်းကျင့်ခံရသည်ဆိုသော ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ် အတည်မပြုနိုင်သေးကြောင်း၊ မိသားစုများ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဆက်သွယ်ရန် ခက်ခဲလျက်ရှိသည်ဟုဆိုသည်။
"ကျနော်တို့လည်း အတည်မပြုနိုင်သေးဘူး။ အဲဒီရွာက ဝေးလည်းဝေးတယ်။ အတော်ကို သွားရလာရ ခက်တယ်။ မိသားစုတွေကလည်း ထွက်ပြေးကုန်ကြတော့ အတည်မပြုနိုင်သေးဘူး" ဟု ဦးခင်မောင်လတ်က ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့လည်း မုဒိမ်းမှု ဖြစ်စဉ် အသေးစိတ်အချက်အလက်များ ပေးပို့မှု ရှိပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိသည်။

https://www.facebook.com/khitthitnews/posts/953411075096239?__cft__[0]=AZUjAUkfQt1gXW3o4hvKhR_rmrqFCLzr2kbKWXUTjRcFJwO9eCX22oJkAekTUgBnB2pgyRm5zbkzhAaTMMCUNdTAPcalytUd8HvkZGwVNngbahIwDKh7_O3aZjsOThg_LhQDk1Tsc8eHKoxG18KPSfXWkAU_L3_tmxt31yuUdim-ig&__tn__=%2CO%2CP-R

No comments:

Post a Comment