Monday, July 27, 2020

အမ်းမြို့နယ်တွင် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် လူငါးဦး ဒဏ်ရာရ

အမ်းမြို့နယ်၊ ကဇူးကိုင်းအုပ်စု သဲကမ်းထောင်းရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ရွာသားငါးဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူလေးဦးသည် ကမ်းထောင်းကြီးဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံများက ပြောသည်။ 
ဒဏ်ရာရရှိသွားသူများမှာ သဲကမ်းထောင်းကြီးကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးမောင်မောင် သန်း၊ အသက် ၂၅ နှစ်အရွယ် ငလုံး(ခေါ်) ကိုဉာဏ်သိန်းဝင်း၊ အသက် ၃၀ အရွယ် ကိုထွန်းထွန်းသိန်း၊ အသက် ၂၅ နှစ်အရွယ် မမေလှချေနှင့် အသက် ၅၀ အရွယ် ဦးစောဖြူမောင်တို့ ဖြစ်ကြသည်။ 
ကိုထွန်းထွန်းသိန်းနှင့် မမေလှချေတို့နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် ကမ်းထောင်းကြီးဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုမှုခံယူနေရပြီး ဦးမောင်မောင်သန်းနှင့် ငလုံး(ခေါ်)ဉာဏ်သိန်းဝင်းမှာ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း၊ ဦးစောဖြူမောင်ဆိုသူမှာ ရှပ်ထိဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်ဟု ကိုထွန်းထွန်းသိန်း၏ဇနီး မဆန်းသိန်းမေက Myanmar Now ကို ပြောသည်။
“ကျွန်မ ယောက်ျားက မနေ့က ကမ်းထောင်းကြီးကို စျေးသွားဝယ်ပြီး ၁၁ နာရီလောက်မှာ ပြန်ရောက်လို့ ထမင်းစားနေတာ။ အိမ်ရဲ့ ခေါင်းရင်းဘက်မှာ ကျွန်မတို့မှာ လက်ဖက်ရည်ဆိုင်ရောင်းတဲ့အတွက် ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ တစ်ယောက်ကိုလည်း ထိသွားတယ်။ လက်နက်ကြီးက ကဇူကိုင်းတောင်ကနေ ပစ်တာပါ။ ကျွန်မကတော့ ပစ်သံနှစ်ချက် ကြားလိုက်ရတယ်။ လက်နက်ကြီးကျည်ပေါက်တဲ့အချိန်မှာ ကျွန်မ အသည်း၊ အူတွေတောင် တုန်သွားတယ်။ နားတစ်ဖက် အခုထိ မကြားရသလို ခံစားရပါတယ်”ဟု ‌၎င်းက ပြောသည်။
သဲကမ်းထောင်းရွာဆိပ်ကမ်းသို့ ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက တာပေါ်လင်မိုးထားသည့် အမည်မသိ ဟွန်ဒါ(စက်တပ်လှေ)တစ်စီး ဆိုက်ကပ်လာပြီး မိနစ်ပိုင်းအတွင်း ကဇူးကိုင်းတောင်ကုန်းပေါ်ရှိ တပ် (တပ်မတော်) က လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ကျေးရွာဒေသခံဦးနီထွန်းဦးကပြောသည်။
“အဲဒီလှေက ကျွန်တော်တို့ ရွာဆိပ်ကမ်းကို ဝင်လာတော့ ကျွန်တော်တို့ရွာသားတွေက ဝင်မလာပါနဲ့၊ ဟိုက တောင်ပေါ်ကနေ ကြည့်နေတယ်။ လက်နက်ကြီးနဲ့ ပစ်လိမ့်မယ်လို့ ပြောနေရင်း၊ ပြောနေရင်း အဲဒီလှေက ရွာဆိပ်ကို ကပ်ပါတယ်။ ကပ်တာနဲ့ ဟိုက လက်နက်ကြီးနဲ့ ပစ်ချလိုက်တာ။ ဘယ်က လူတွေလဲ( စက်လှေပေါ်ပါသူများ)ဆိုတာကို သိရဖို့  ရွာကလူတွေက နောက်ကလိုက်တဲ့အချိန်မှာ မမီလိုက်ဘူး” ဟု ဦးနီထွန်းဦးက ပြောသည်။
ကဇူးကိုင်းတောင်ကုန်းပေါ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်း တစ်ချက်နှင့် ကျေးရွာအနီးတစ်ချက် စုစုပေါင်းနှစ်ချက် ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာသားများ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
သဲကမ်းထောင်းကြီးကျေးရွာသည် အိမ်ခြေ ၇၀ ကျော်နှင့် လူဦးရေ ၆၀၀ ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး အမ်းမြို့နှင့် ၂၅ မိုင်ခန့်ဝေးသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ရွာသားအချို့ ဒဏ်ရာရရှိသွားသောကြောင့် ရွာသူရွာသူများ စိုးရိမ်တကြီး ဖြစ်နေကြသည်ဟု ဆိုသည်။ 
“တစ်ဖက်နဲ့ တစ်ဖက် တိုက်ပွဲမဖြစ်ဘဲနဲ့ ဒီလိုဖြစ်တာ ရွာသားတွေအတွက် အရမ်းနစ်နာပါတယ်။ ဒဏ်ရာရသွားတဲ့လူတွေအတွက်လည်း နစ်နာသလို လက်နက်ကြီးကျည်စ မထိတဲ့လူတွေအတွက်လည်း စိတ်ဒဏ်ရာရသွားတယ်။ လန့်သွားကြတယ်” ဟု သဲကမ်းထောင်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
အမ်းမြို့နယ် ၊ ဒါးလက်ကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာတွင်လည်း ပြီးခဲ့သည့် ဇွန် ၂၆ က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်နယ် အလယ်ပိုင်းမြို့တစ်မြို့ဖြစ်သော အမ်းမြို့နယ်တွင် တပ်မတော်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ်များကဲ့သို့ ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားလေ့မရှိသော်လည်း ဒေသခံအများစု နေရပ်စွန့်ခွာကာ တိမ်းရှောင်မှုများရှိနေသည်။ 
https://myanmar-now.org/mm/news/4165

No comments:

Post a Comment