Monday, June 1, 2020

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အပစ်ရပ်သက်တမ်း ၃ လတိုး

မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA ကိုးကန့် ၊ TNLA တအာင်းပလောင် ၊ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တွေကဇွန်လ(၁)ရက်ကနေ သြဂုတ်လ (၃၁)ရက်အထိ နောက်ထပ် ၃ လ တဖက်သတ် အပစ်ရပ်ကြောင်း တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
အခုလို အပစ်ရပ်ကာလ သက်တမ်း တိုးရတာဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ ၊ မြန်မာ့တပ်မတော်နဲ့ ညီနောင် ၃ ဖွဲ့ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချောမေ ွ့ ထိရောက်စေဖို့ ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းစေဖို့ နဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးမှာ အထောက်ကူ ပြုစေဖို့ အတွက် ဖြစ်တယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
ဒီ ညီနောင်မဟာမိတ် ၃ ဖွဲ့က တဖတ်သတ် အပစ်ရပ် ကြေညာလာခဲ့တာဟာ ၂၀၁၉ ထဲကဖြစ်ပြီး ၊ ၅ ကြိမ်မြောက် အပစ်ရပ်ကာလက မေလ (၃၁)ရက်နေ့မှာ ကုန်ဆုံးသွားတာကြောင့် အခု ၆ ကြိမ်မြောက်အဖြစ် သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ဘက်ကလည်း မေလဆန်းကနေ သြဂုတ်လကုန်ထိ အပစ်ရပ်ထားမယ်လို့ ကြေညာထားပါတယ် ။ ဒါပေမဲ့ တကယ့် လက်တွေ့မှာ ရှမ်းမြောက်ပိုင်းနဲ့ ရခိုင်/ချင်း ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
အခုလို တဖက်သတ် အပစ်ရပ် ကမ်းလှမ်းချက်ကို မြန်မာ့တပ်မတော်ဘက်က အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမလုပ်ပဲ တိုင်းရင်းသားဒေသတွေမှာ ဆက်ပြီး ထိုးစစ်ဆင်နေမယ်ဆိုရင် ညီနောင်မဟာမိတ် ၃ ဖွဲ့က လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ သတိပေး ဖေါ်ပြထားပါတယ်။
တကမ္ဘာလုံးမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်နေတာမို့ လက်နက်ကိုင်အဖွဲ့တွေကြား စစ်ရေးပဋိပက္ခကို ရပ်ထားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က မေတ္တာရပ်ခံထားပေမဲ့လည်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ လက်တွေ့မပါတဲ့ တဖက်သတ် အပစ်ရပ်စဲရေး ကြေညာချက်တွေကို အပြန်အလှန် ထုတ်ပြန်နေကြတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန်နေကြပါတယ်။

No comments:

Post a Comment