Sunday, June 28, 2020

ပန်လော့ရွာမှာ တိုက်ပွဲရှောင် (၂၀၀)ခန့် ရောက်ရှိ၊ အစားအသောက် လိုအပ်နေ

ပန်လော့ရွာမှာ တိုက်ပွဲရှောင် (၂၀၀)ခန့် ရောက်ရှိ၊ အစားအသောက် လိုအပ်နေ

လွေးနှင်းဖြူ၊ ရွှေဖီမြေ
ဇွန်လ ၂၈ ရက်၊ ကျောက်မဲ

ဒီနေ့ ဇွန်လ ၂၈ ရက် မနက် ၁၁ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာမှာ တိုက်ပွဲရှောင် (၂၀၀)ခန့် ရောက်ရှိလာပြီး ၎င်းတို့အတွက် အစားအသောက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ နမ့်ခုံးပရဟိတလူမှုကူညီရေးအသင်းဥက္ကဌ ဦးစိုင်းကူးက “မနေ့က တိုက်ပွဲဖြစ်တော့ ငြိမ်မှာလားဆိုပြီး ဒီအတိုင်းပဲ နေလိုက်တယ်။ လက်နက်ကြီးတွေလည်း ရွာထဲမကျပေမယ့် ရွာဘေးတွေမှာကျတော့ ရွာကလူတွေလည်း ထွက်ပြေးလာတယ်” လို့ ဒီနေ့ ဇွန်လ ၂၈ ရက်မှာ ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲမြို့နယ်ထဲက အက်ကြီး၊ နမ့်ဖတ်၊ ပြိန်းနင်ကျေးရွာအပြင် အခြားသော ကျေးရွာ ၂ ရွာက ဒေသခံ (၂ဝဝ)ခန့်ဟာ ပန်လော့ကျေးရွာကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

“ပန်လော့မှာတော့ တိုက်ပွဲမဖြစ်ဘူး။ ပန်လော့ရွာနဲ့ ၇ မိုင်အကွာ အက်ကင်းရွာနဲ့ ပြိန်းနင်ကြားမှာ တိုက်ပွဲဖြစ်တာ။ ထွက်ပြေးလာတာတော့ ၅ ရွာရှိတယ်” ဆိုပြီး ဦးစိုင်းကူးက ဆက်ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရွာ ၅ ရွာက ကျေးရွာတွေမှာ သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ ကလေးမိခင်တွေ ကျန်ရှိနေပါတယ်။

ပန်လော့ကျေးရွာကို ရောက်ရှိလာတဲ့ တိုက်ပွဲရှောင်တွေအတွက် ကျောက်မဲမြို့ နမ့်ခုံးပရဟိတလူမှုကူညီရေးအသင်းက ဆန်၊ ကြက်သွန်၊ ဆီ၊ ဆားနဲ့ ကုလားပဲတွေ သွားရောက်ကူညီပေးခဲ့ပေမဲ့ အကူအညီ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

တပ်မတော်နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့အကြား တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေပေမယ့် နှစ်ဖက်တပ်ကတော့ တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

#ကျေးရွာဒေသခံ #ကျောက်မဲ #ထွက်ပြေးတိမ်းရှောင်
#ဓာတ်ပုံ- Sai Ku
https://www.facebook.com/451214215694715/posts/729255471223920/

https://www.facebook.com/shwepheemyaynews/posts/729255471223920?__tn__=-R

No comments:

Post a Comment