တောင်ကုတ်မြို့နယ်တွင် မိုင်းပေါက်ကွဲပြီး လေးဦးသေဆုံး
ဝင်းညွန့် Jun 30, 2020 တောင်ကုတ်
Photo - facebook
ဝင်းညွန့် | DMG
ဇွန် ၃၀ ၊ တောင်ကုတ်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တရဘကျေးရွာအနီးတွင် ဇွန်လ ၂၉ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က မိုင်းပေါက်ကွဲမှုကြောင့် လူလေဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပေါက်ကွဲမှုမှာ တရဘကျေးရွာမြောက်ဘက် ၆ ဖာလုံခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲ မှုကြောင့် သေဆုံးသူလေးဦးမှာ ဒေသခံများမဟုတ်ကြကြောင်း တရဘကျေးရွာအုပ်ချုပ်ရေးမှူး ဦးနောင်နောင်ဦးက DMG သို့ ပြောသည်။
“ပေါက်ကွဲသံကြားလို့ ကျွန်တော်တို့သွားကြည့်တော့ သူတို့က ဒေသခံတွေမဟုတ်ဘူး။ ဘယ်သူ့တွေဆိုတာ ကျွန်တော်တို့ မသိသေးဘူး” ဟု ၎င်းကပြောသည်။
လက်ရှိမှာ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများကို တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက တောင်ကုတ် ဆေးရုံသို့ ယူဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။
တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က “မိုင်းထောင်တဲ့သူတွေ သူတို့ဟာသူတို့ မိုင်းကွဲတာ။ ဒေသခံတွေ မဟုတ်ဘူး။ ကျောက်ဖြူဘက်က ဖြစ်ဖို့များတယ်။ သူတို့လက်ထဲမှာ ဓားကိုယ်စီလည်းပါတယ်။ မိုင်းခွဲဖို့မိုင်းအသက်သွင်းတာပေါ့။ ကားလမ်းဘေး ပေ ၁၀၀ လောက်အကွာအဝေးမှာ မိုင်းအသက်သွင်းတဲ့အခါ မှားပြီးချိတ်ဆက်မိတော့ ထကွဲတာ” ဟု ပြောသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံများမှာလည်း စိုးရိမ်လျက်ရှိနေကြောင်း တရဘကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
တောင်ကုတ်မြို့နယ်တွင် ယခင်ကတိုက်ပွဲဖြစ်ပွားမှုများမရှိခဲ့ဘဲ မိုင်းပေါက်ကွဲတစ်ကြိမ် ရှိခဲ့သည်။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/tke-m-4d.html
No comments:
Post a Comment