ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် နောင်ပိန်ကျေးရွာသို့ တိုက်ပွဲရှောင်သူ ၄၀၀ ကျော်ရောက်ရှိ တိမ်းရှောင်နေရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းတွင် တပ်မတော်နှင့် RCSS/SSA တို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် နောင်ပိန်ကျေးရွာသို့ တိုက်ပွဲရှောင်သူများ ရောက်ရှိကာ တိမ်းရှောင်နေကြရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုမှာ ကျောက်မဲမြို့နယ်အတွင်းရှိ ဟဲကွီ၊ ပန်ကွမ်၊ ရေဆန်၊ နောင်မိန်း၊ လွယ်ပေါင်း၊ ပန်ကျန် ကျေးရွာတစ်ဝိုက်တွင် ဖြစ်ပြီး ဒေသခံအများအပြား တိုက်ပွဲတိမ်းရှောင်လာရခြင်း ဖြစ်ကြောင်း သိရသည်။

“အခုတော့ တိုက်ပွဲ အခြေအနေကတော့ ငြိမ်သွားပါပြီ။ တိုက်ပွဲက ၂၇ ရက်နေ့က စဖြစ်တယ်။ ၂၈ ရက်နေ့ကတော့ တိုက်ပွဲ ပြင်းထန်တယ်။ တစ်နေကုန် တိုက်ပွဲဖြစ်နေတယ်ဗျ။ တိုက်ပွဲဖြစ်တာက ဟဲကွီအုပ်စုဘက်မှာက ရေဆန်ကျေးရွာအနီးနားမှာ စဖြစ်တယ်။ လက်နက်ကြီး ကျတာတော့ ရှိတယ်။ ဒီမနက်ပိုင်း ပန်ကျန်ရွာထဲမှာတော့ လက်နက်ကြီးတွေ ကျတယ်လို့ အဲ့ဒီရွာက လူတွေက ပြောတယ်။ ဒေသခံတွေ လက်နက်ကြီးကျည် ထိလား မထိလား ဆိုတာကတော့ သွားမကြည့်ရဲတော့ ကောင်းကောင်း မသိဘူး။’’ ဟု နောင်ပိန်ကျေးရွာသို့ ရောက်ရှိကာ တိုက်ပွဲတိမ်းရှောင်နေသူ တစ်ဦးက ပြောသည်။

ဇွန် ၂၉ ရက်က ကျောက်မဲမြို့နယ်၊နောင်ပိန်ကျေးရွာ အောင်ဓမ္မာရုံသို့ ဟဲကွီ၊ ရေဆန်၊ နောင်မိန်း၊ လွယ်ပေါင်း၊ ပန်ကျန်ကျေးရွာတို့မှ တိုက်ပွဲရှောင်သူ ၄၀၀ ကျော်ခန့် ရောက်ရှိ တိမ်းရှောင်လျက်ရှိနေပြီး ၎င်းတို့အတွက် စားရေးသောက်ရေး အဆင်ပြေနိုင်ရန် အလှူရှင်များ လိုအပ်လျက်ရှိနေကြောင်း သိရသည်။
“ ဒီကနေ့ အခြေအနေကတော့ ငြိမ်သွားပြီလို့ ကြားတယ်။ တပ်မတော် စစ်ကြောင်းကလည်း ပြန်သွားပြီလို့ ကြားတယ်။ ကျွန်တော်တို့လည်း သေသေချာချာ မသိတော့ မပြန်ရဲသေးဘူး။ တချို့ရွာမှာ ကျန်ခဲ့တဲ့ သူတွေကတော့ ဘယ်သူမှ မရှိတော့ဘူးလို့တော့ ပြောတယ်။ ရွာပြန်ဖို့ကတော့ နောက်တစ်ညလောက်တော့ စောင့်ကြည့်ဦးမယ်။ လက်ရှိအချိန်မှာတော့ ရွာမှာတော့ အသက်ကြီးတဲ့သူ နည်းနည်းပါးပါး ကျန်ခဲ့တယ်။ ကျွန်တော်တို့က ရွာကနေ ရုတ်တရက် ပြေးလာရတာဆိုတော့ အသက်ကြီးတဲ့သူတွေကို မခေါ်ခဲ့နိုင်ဘူး။ ရွာမှာတော့ နွားတွေ ကျွဲတွေ ဝက်တွေကိုလည်း ဒီအတိုင်းပဲ ထားခဲ့ရတယ်။ အစာကျွေးဖို့လည်း ဘာမှမစီစဉ်ခဲ့ကြရဘူး’’ ဟု တိုက်ပွဲများကြောင့် နောင်ပိန်ကျေးရွာ အောင်ဓမ္မာရုံသို့ တိုက်ပွဲရှောင်လာသူ ကိုစိုင်းဆန် ကပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ်ဦး ကျည်ဆံ ထိမှန်သေဆုံးခဲ့ရပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ လူမှုကူညီရေးအဖွဲ့အနေနဲ့ သေဆုံးသူကို သွားသယ်တာပေါ့။ သူက အိမ်ကနေ ပြေးလာပြီး စာသင်ကျောင်းထဲ ရှောင်မယ်ဆိုပြီး လာတဲ့အချိန် လက်နက်ငယ်မှန်ပြီး သေဆုံးတာပေါ့။ သေဆုံးသူက ဦးဆု အသက် (၅၈) နှစ်ရှိပြီး။ကျည်ဆန်က နှစ်ချက်မှန်တာပေါ့။ ပန်ကျန်ရွာမှာပေါ့။ ဒဏ်ရာရသူကတော့ တစ်ယောက်ပေါ့။ ကျွန်တော်တို့က ဒဏ်ရာရသူတွေနဲ့ တိုက်ပွဲရှောင်တွေကို သွားခေါ်တာပေါ့။ အခုနောင်ပိန်မှာ တိုက်ပွဲရှောင်တွေက များနေပြီဆိုတော့ သူတို့တွေ စားသောက်ဖို့အတွက် လိုအပ်ချက်တွေတော့ ရှိတာပေါ့။ အလှူရှင်တွေလည်း လိုအပ်နေတာပေါ့။ အခုလောလောဆယ် လူကယ်ပြန်ကနေ အိမ်ထောင်စု ၉၅ စုအတွက် ပစ္စည်း ၇ မျိုးတော့ ထုတ်လာပြီ။ သီပေါ နယ်စည်းမခြားပရဟိတအဖွဲ့ ဆန် ၅ အိတ် လာလှူသွားပါတယ်။ တချို့အလှူရှင်တွေလည်း လာလှူတာတော့ တွေ့ပါတယ်’’ နောင်ပိန်ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ကိုနေအောင် ကပြောသည်။
ဇွန် ၂၉ ရက်တွင် နောင်ပိန်ကျေးရွာသို့ တိုက်ပွဲရှောင်လာသူ လူဦးရေ ၄၅၀ ကျော်ခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment