မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာလာသော ဘင်္ဂါလီဒုက္ခသည်များကို လုံးဝလက်ခံတော့မည် မဟုတ်ဟု မလေးရှားဝန်ကြီးချုပ် ပြောကြား

ဇွန် ၂၆ ရက်က အာဆီယံဒေသတွင်း ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပွဲကို Video Conferencing စနစ်ဖြင့် ပြုလုပ်နေစဉ်
ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် တိုင်းပြည်၏ အရင်းအမြစ်များ ဆုတ်ယုတ်လာခြင်းနှင့် စီးပွားရေး ထိခိုက်မှုများကြောင့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာလာသော ဘင်္ဂါလီဒုက္ခသည် (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) များကို လုံးဝလက်ခံတော့မည် မဟုတ်ဟု ဇွန် ၂၆ ရက်က ပြုလုပ်ခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးတွင် မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က ပြောကြားကြောင်း VOA မြန်မာပိုင်းသတင်း ဌာနက သတင်းဖော်ပြခဲ့သည်။
Online Video Conferencing စနစ် ဖြင့် ပြုလုပ်ခဲ့သည့် (၃၆) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို ဇွန် ၂၆ ရက်တွင် ပြုလုပ်ခဲ့ပြီး ဒုက္ခသည်စခန်းများတွင် အနေအစား ဆင်းရဲသည့်အတွက် မူဆလင် အများစုရှိသော မလေးရှားနိုင်ငံကို ဒုက္ခသည်များကို လှေများဖြင့် သွားရောက်နိုင်ရန် ယခင်ကတည်းက ကြိုးပမ်းနေကြသည်ဟု မလေးရှား ဝန်ကြီးချုပ်က ပြောကြားသည်။
COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးတွင် ရှိပြီးသား အရင်းအမြစ်စွမ်းအားများ အသုံးပြုထားရသည့်အတွက် နောက်ထပ် ဒုက္ခသည်များ ထပ်မံလက်မခံတော့ကြောင်းနှင့် မလေးရှားကို နောက်ထပ်ဒုက္ခသည်များ လက်ခံပေးရန် မျှော်လင့်နေခြင်းသည် တရားမျှတမှု မရှိကြောင်း အာဆီယံထိပ်သီး အစည်းအဝေးတွင် မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ကပ်ရောဂါကာလတွင် ပြည်ပမှ လာရောက်သူများမှတစ်ဆင့် ရောဂါကူးစက်နိုင်ပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေလည်း ထိခိုက်နိုင်ခြင်းကြောင့် မလေးရှားနိုင်ငံက ဒုက္ခသည်လှေများကို လက်မခံခဲ့သကဲ့သို့ ဒုက္ခသည်များကို ဖမ်းဆီးထိန်းသိမ်း ထားခဲ့ကြောင်းနှင့် မလေးရှား ပြည်သူများအကြား ဗိုင်းရပ်စ်ပြန့်ပွားစေသော လက်သည်များသည် နိုင်ငံခြားသားများ ဖြစ်သည်ဟု ယူဆကာ အမျက်ဒေါသ ထွက်နေကြောင်းလည်း VOA မြန်မာပိုင်း သတင်းတွင် ဖော်ပြခဲ့သည်။
မလေးရှားဝန်ကြီးချုပ်၏ ဆွေးနွေးပြောကြားချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်၏ အခြေအနေနှင့် ပတ်သက်၍ လည်းကောင်း၊ အာဆီယံဒေသတွင်း သဟဇာတရှိမှုနှင့် တည်ငြိမ်အေးချမ်းမှု အလွန်လိုအပ်လျက်ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်ပူပန်မှုရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောကြားခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။
လူ့အခွင့်အရေးသည် လူသားအချင်းချင်းအကြား ကောင်းမွန်သည့် ဆက်ဆံရေး၊ အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန် ယုံကြည်မှုတို့ အပေါ်တွင် အခြေခံရမည်ဖြစ်ကြောင်း၊ အာဆီယံတွင် ဤတန်ဖိုးစံနှုန်းများ ရှိသည်ဖြစ်ရာ မြန်မာတစ်နိုင်ငံတည်းကိုသာမက ဒေသတွင်းကို ထိခိုက်စေနိုင်သည့် ပြဿနာကိုဖြစ်စေ၊ တစ်ကမ္ဘာလုံးကိုပါ ထိခိုက်စေနိုင်သည့် ပြဿနာကိုဖြစ်စေ မြန်မာအစိုးရ အနေဖြင့် အတူတကွ ပူးပေါင်း၍ အဖြေရှာနိုင်ကြောင်းလည်း အာဆီယံထိပ်သီး အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ပြဿနာတို့သည် ရခိုင်ပြည်နယ်တွင် လက်ရှိရင်ဆိုင်နေရသည့် အန္တရာယ်နှစ်ခု ဖြစ်သကဲ့သို့ ယင်းပြဿနာနှစ်ရပ်မှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် ပြဿနာများဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ယင်းပြဿနာများကို မိမိတို့ဒေသ တစ်ခုတည်း အတွက်သာမက တစ်ကမ္ဘာလုံး၏ တည်ငြိမ်အေးချမ်းမှုနှင့် သဟဇာတဖြစ်မှုကို တိုးမြှင့်နိုင်စေမည့် အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် အတူတကွ ပူးပေါင်းဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်၏ ဆွေးနွေးချက်အပေါ် တုံ့ပြန်ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
ယခုတစ်ပတ်ထဲတွင် အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသ ကမ်းလွန်ပင်လယ်ပြင်တွင် လှေစီးဘင်္ဂါလီဒုက္ခသည် ၁၀၀ နီးပါးကို အင်ဒိုနီးရှား ငါးဖမ်းသမားများက ကယ်ဆယ်ခဲ့ရပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေနှင့် COVID-19 ကပ်ရောဂါကြောင့် ဒုက္ခသည်များမှာ ၎င်းတို့၏ နေရပ်ဒေသကို ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံစွာ ပြန်ရန်မဖြစ်နိုင်သေးဘဲ ၎င်းတို့နေရပ် ပြန်ရေးသည် အင်ဒိုနီးရှားအစိုးရ၏ ဦးစားပေးလုပ်ငန်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း VOA မြန်မာပိုင်းက ဖော်ပြခဲ့သည်။
No comments:
Post a Comment