Tuesday, June 30, 2020

တောင်ကုတ်မြို့နယ်စည်ပင်ဥက္ကဌအပါအဝင် ၄ ဦးကို အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆို ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခံရပြီး တရားစွဲဆိုခံထားရသူပေါင်း ၈၀၀ ကျော်အထိရှိနေ

တောင်ကုတ်မြို့နယ်စည်ပင်ဥက္ကဌအပါအဝင် ၄ ဦးကို အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆို
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခံရပြီး တရားစွဲဆိုခံထားရသူပေါင်း ၈၀၀ ကျော်အထိရှိနေ



အောင်ငြိမ်းချမ်း
Published on Jun 30, 2020
မေ ၁၁ ရက်က တောင်ကုတ်မြို့နယ်တရားရုံးသို့ ရောက်ရှိလာသည့် ဦးဇေယျကျော် (ဓာတ်ပုံ - ပေးပို့)
မေ ၁၁ ရက်က တောင်ကုတ်မြို့နယ်တရားရုံးသို့ ရောက်ရှိလာသည့် ဦးဇေယျကျော် (ဓာတ်ပုံ - ပေးပို့)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် စည်ပင်ဥက္ကဌ ဦးဇေယျကျော်နှင့် တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယဥက္ကဌ ဦးဝေသောင်း အပါအဝင် လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် ယနေ့ တရားစွဲဆိုလိုက်သည်။

ဦးဇေယျကျော်နှင့် ဦးဝေသောင်း၊ တောင်ကုတ်မြို့နယ်စည်ပင်ဥက္ကဌဟောင်း ဦးစန်းငွေ နှင့် ကိုစည်သူကျော်ဇံ တို့ကို ပြီးခဲ့သည့် မေလအတွင်းက သီးခြားစီဖမ်းဆီးခဲ့ခြင်းဖြစ်သည်။



စတင်ဖမ်းဆီးစဉ်က ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့ကို တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း အပါအဝင် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ဗဟိုသတင်း၊ တောင်ကုတ်ဟစ်တိုင်၊ တောင်ကုတ်မြို့ ဗဟိုသတင်းဌာန စသည့် လူမှုကွန်ရက်အကောင့်များဖြင့် မဟုတ်မမှန်သတင်းများ အဆက်မပြတ် တင်ပြနေသည့်အတွက် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု Myanmar Now က ရရှိထားသည့် စာရွက်စာတမ်းများအရ သိရသည်။

ဦးဇေယျကျော်၏ညီ ကိုစည်သူကျော်ဇံကိုတော့ တောင်ကုတ်မြို့နယ် ပေါက်ပြင်ရွာအနီး ရဲတပ်ဖွဲ့ယာဉ်တန်းမိုင်းခွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည်ဟု ဆိုကာ မေ ၂၆ ရက်က တောင်ကုတ်မြို့ရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့လေးဦးကို မေ ၁၁ ရက်မှ ဇွန် ၃၀ ရက်အထိ ရခိုင်ပြည်နယ်ရှိ တောင်ကုတ်မြို့၊ သံတွဲမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တို့တွင် လေးကြိမ်အထိ ချုပ်ရက်ရမန် ယူခဲ့သော်လည်း တရားစွဲတင်နိုင်ခြင်းမရှိခဲ့ကြောင်း အဆိုပါအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

Mmnowads.Jpg

၎င်းတို့လေးဦးလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ဇွန် ၂၆ တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး တရားလိုအဖြစ် စစ်တွေမြို့ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးဇော်မြင့်ထွန်းက ဆောင်ရွက်ခဲ့သည်ဟု ဒေါ်သိင်္ဂီမောင်က ပြောသည်။

“လေးယောက်လုံးကို အမှုတစ်ခုတည်းမှာ ပါဝင်တယ်ဆိုပြီးစွဲတာ၊ ဘယ်အခင်းဖြစ်ရပ်ပေါ်မှာ တရားစွဲတယ်ဆိုတာ မသိရသေးဘူး၊ တရားဝင်စာတမ်းတွေကို မိတ္တူကူးတဲ့အဆင့်မှာပဲရှိသေးတယ်” ဟု ဒေါ်သိင်္ဂီမောင်က ပြောသည်။

ယနေ့နေ့လည် ၁ နာရီခန့်က စတင်သည့် ကြားနာမှုသည် မိနစ်အနည်းငယ်အကြာတွင် ပြီးဆုံးသွားပြီးနောက် စွပ်စွဲခံရသူလေးဦးကို တောင်ကုတ်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်တစ်ကြိမ်ရုံးချိန်းအဖြစ် ဇူလိုင် ၉ ရက်နေ့ကို ချိန်းဆိုထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မှ ၅၂(က) သည် ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ အချက်အလက်များအရ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း တပ်မတော်၊ ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခံရပြီး တရားစွဲဆိုခံထားရသူပေါင်း ၈၀၀ ကျော်အထိရှိနေပြီး အဆိုပါစာရင်းတွင် ဖမ်းဆီးထားပြီး တရားရုံးမတင်ရသေးသူများနှင့် AA အဖွဲ့၏ ဖမ်းဆီးခံရသူများ မပါဝင်သေးပေ။

https://myanmar-now.org/mm/news/4010

No comments:

Post a Comment