ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုနှင့်လူကုန်ကူးမှုပြဿနာကို ရင်ဆိုင်နေရ
By The Standard Time Daily -June 28, 2020
Share on Facebook
အပြုသဘောနည်းလမ်းဖြင့် အတူတကွ ပူးပေါင်းဖြေရှင်းနိုင်မည်ဟုယုံကြည်
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ပြဿနာကို လက်ရှိ ရင်ဆိုင်နေရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၆ ရက်တွင် ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၂၆ ရက် နံနက် ၈ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၃၆) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနား၊ (၃၆)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဒစ်ဂျစ်တယ်ခေတ်တွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးတို့သို့ ပါဝင်တက်ရောက်စဉ် ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်၏ ဆွေးနွေးချက်အပေါ် တုံ့ပြန်ပြောကြားရာ၌ ၎င်းက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်၏ ဆွေးနွေးချက်အပေါ် တုံ့ပြန်ပြောကြားရာ၌ ရခိုင်ပြည်နယ်၏အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ မိမိတို့ဒေသအတွင်း သဟဇာတရှိမှုနှင့် တည်ငြိမ်အေးချမ်းမှု အလွန်လိုအပ်လျက်ရှိသည့်ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်ပူပန်မှု ရှိကြောင်း၊ လူ့အခွင့်အရေးသည် လူသားအချင်းချင်းအကြား ကောင်းမွန်သည့် ဆက်ဆံရေး၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန် ယုံကြည်မှုတို့အပေါ်တွင် အခြေခံရမည်ဖြစ်ကြောင်း၊ အာဆီယံတွင် ဤတန်ဖိုးစံနှုန်းများရှိသည်ဖြစ်ရာ မိမိတို့တစ်နိုင်ငံ တည်းကိုသာမက ဒေသတွင်းကို ထိခိုက်စေနိုင်သည့် ပြဿနာ ကိုဖြစ်စေ၊ တစ်ကမ္ဘာလုံးကိုပါ ထိခိုက်စေနိုင်သည့် ပြဿနာကို ဖြစ်စေ၊ မိမိတို့အနေဖြင့် အတူတကွပူးပေါင်း၍ အဖြေရှာနိုင်ကြောင်း၊ အကြမ်းဖက်မှုနှင့် လူကုန်ကူးမှုပြဿနာတို့သည် ရခိုင် ပြည်နယ်တွင် မိမိတို့ လက်ရှိရင်ဆိုင်နေရသည့် အန္တရာယ်နှစ်ခု ဖြစ်သကဲ့သို့ ယင်းပြဿနာနှစ်ရပ်မှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် ပြဿနာများဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ယင်းပြဿနာများကို မိမိတို့ဒေသတစ်ခုတည်းအတွက်သာမက တစ်ကမ္ဘာလုံး၏ တည်ငြိမ်အေးချမ်းမှုနှင့် သဟဇာတဖြစ်မှုကို တိုးမြှင့်နိုင်စေမည့် အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် အတူတကွ ပူးပေါင်းဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ထည့် သွင်းပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံအနေဖြင့် COVID-19 ကူးစက်ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေချိန်တွင် ယခုနှစ် အာဆီယံဥက္ကဋ္ဌ၏ ဆောင်ပုဒ်ဖြစ်သော ‘စည်းလုံးညီညွတ်၍ တုံ့ပြန်နိုင်စွမ်းရှိသော အာဆီယံ’သည် ယနေ့အချိန်အခါ၏ လိုအပ်ချက်နှင့် အလွန်ပင်သင့်လျော် ကိုက်ညီမှု ရှိကြောင်း၊ မဖြေရှင်းနိုင်သေးသည့် ဒေသတွင်းပြဿနာများနှင့် အင်အားကြီးနိုင်ငံများအကြား တင်းမာမှုနှင့် ပြိုင်ဆိုင်မှု မြင့်တက်လာခြင်းတို့ကလည်း ဒေသ၏အခင်းအကျင်းကို မတည်မငြိမ်ဖြစ်စေကြောင်း၊ သို့ဖြစ်၍ အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ အာဆီယံ၏ အချက်အချာကျမှုနှင့် ပြောင်းလဲနေသည့် ဒေသ တွင်း ဗိသုကာပုံစံတွင် အဓိကမောင်းနှင်အားအဖြစ် ပါဝင် သည့် အာဆီယံ၏အခန်းကဏ္ဍတို့မှာ ယခုအချိန်တွင် ပိုမိုအရေးကြီး လာကြောင်း၊ အာဆီယံအနေဖြင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန်၊ ပြင်ပမိတ်ဖက် နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုပိုမိုမြှင့်တင်ရန်နှင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းမှုတို့ကို အပြုသဘောဖြင့် အထောက်အကူပြုနိုင်မည့် အလားအလာရှိသော မိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစပ်ဆက်သွယ် ရေးမှာ များစွာထိခိုက်သည်ဖြစ်ရာ ကူးစက်ရောဂါ၏ ထိခိုက် နစ်နာမှုများမှ ပြန်လည်နာလန်ထူနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးတက်ခိုင်မာစေရန် အထူးပင်လိုအပ် လျက်ရှိကြောင်း၊ သို့ဖြစ်၍ အာဆီယံအနေဖြင့် ကူးစက်ရောဂါ တုံ့ပြန်ရေးနှင့် ပြန်လည်နာလန်ထူရေးဆိုင်ရာ ထိရောက်ကျယ်ပြန့်သည့် အစီအစဉ်တစ်ရပ် ရေးဆွဲချမှတ်ခြင်းကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ အာဆီယံ အနေဖြင့် ပြည်သူများ၏ယုံကြည်မှု၊ ကျန်းမာရေး၊ အသက်မွေးဝမ်း ကျောင်းနှင့် စွမ်းဆောင်ရည်တို့ကို ပြန်လည်တည်ဆောက် မြှင့်တင်ရန် အရေးကြီးကြောင်းနှင့် COVID-19 ကူးစက်ရောဂါ ကြောင့် မိမိတို့သည် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒစ်ဂျစ်တယ် စီးပွားရေးဘက်သို့ အလျင်အမြန် ကူးပြောင်းနေသည်ဖြစ်ရာ အာဆီယံအနေဖြင့် ဒစ်ဂျစ်တယ် ခေတ်ပြောင်းတော်လှန်ရေး နှင့် ဒစ်ဂျစ်တယ်စက်မှု ၄ ဒသမ သုညတို့နှင့် ကျင့်သားရ၍ အသားကျနိုင်ရန်နှင့် ၎င်းတို့ကို အပြည့်အဝအသုံးချနိုင်ရန် လိုအပ် ကြောင်း ပြောကြားသည်။
အဆိုပါထိပ်သီးအစည်းအဝေးတွင် ဗီယက်နမ်ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက် ရောက်ခဲ့ကြသည်။
ယင်းထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင် များက အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး B ကိုးပမ်း ဆောင်ရွက်မှုများ၊ အာဆီယံ၏ပြင်ပဆက်ဆံရေး၊ အာဆီယံ၏အချက်အချာကျမှု ထိန်းသိမ်းရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ် ဆွေးနွေးကာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂ နာရီတွင် ကျင်းပသည့် ဒစ်ဂျစ်တယ်ခေတ်တွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။
အဆိုပါ အထူးအစည်းအဝေးတွင် ဗီယက်နမ်ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ် ဆောင် ရွက်ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်း ဆောင်များ၊ နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် Mme. Jacinda Ardern၊ ဗီယက်နမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Mme. Nguyen Thi Kim Ngan, United Nations Economic and Social Commission for Asia and the Pacific (ESCAP) ၏ အမှုဆောင်အတွင်းရေးမှူး Mme. Armida Salshiah Alisjahbana နှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြသည်။
ယင်းအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံ အနေဖြင့် ကျား/မ သာတူညီမျှမှုကို ဖော်ဆောင် နိုင်မည်ဆိုလျှင် ၂၀၂၅ ခုနှစ်တွင် ဂျီဒီပီကို အမေရိကန်ဒေါ်လာ ၂၈ ထရီလီယံ ပိုမိုတိုးမြှင့်နိုင်လိမ့်မည်ဟု ဆန်းစစ်လေ့လာမှု တစ်ခုက သုံးသပ်ခန့်မှန်းထားကြောင်း၊ ဤသို့သော အလား အလာကောင်းများကြောင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် သာယာဝပြောရေးကို ကာကွယ်မြှင့်တင်ပေးရန်၊ အမျိုးသမီးများ၏ အခွင့်အရေးကို လေးစားရန်နှင့် အမျိုးသမီးများ၏ အသံ ကို ပိုမိုအလေးထား နားထောင်ရန် အရေးကြီးကြောင်း၊ သို့မှသာ အာဆီယံအနေဖြင့် COVID-19 ၏ စိန်ခေါ်မှုမှ လွတ်မြောက်ပြီး ဒေသနှင့် နိုင်ငံတကာ၏ တည်ငြိမ်အေးချမ်းမှုနှင့် စည်ပင် ဝပြောမှုတို့အတွက် အမျိုးသမီးများ၏ အရင်းအမြစ်များကို ပိုမို အားပြုနိုင်မည့် ကျား-မ သာတူညီမျှမှု ပိုရှိသော အသိုက်အဝန်း တစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။
အဆိုပါ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်ညီလာခံ ကိုယ်စားလှယ်များ၏ တွေ့ဆုံပွဲ၌ အာဆီယံ၏ လက်ရှိဥက္ကဋ္ဌ ဗီယက်နမ်ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc နှင့် AIPA-41 ၏ လက်ရှိဥက္ကဋ္ဌ ဗီယက်နမ်အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ Mme. Nguyen Thi Kim Ngan တို့က ဦးဆောင်တက်ရောက်ခဲ့ကြသည်။
(၃၆)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် (၃၆)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးဥက္ကဋ္ဌ၏ကြေညာချက်၊ စည်းလုံးညီညွတ်၍ တုံ့ပြန်နိုင်စွမ်းရှိသော အာဆီယံ ဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ မျှော်မှန်းချက် (ASEAN Leader’s Vision Statement on a “Cohesive and Responsive ASEAN”) နှင့် ပြောင်းလဲနေသည့် ကမ္ဘာ့အလုပ် သမားရေးရာကဏ္ဍတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံကြေညာချက် (ASEAN Declaration on Human Resource Development for the Changing World of Work) စသည်တို့ အပါအဝင် စာရွက်စာတမ်း (documents) ၁၅ခု ကို ထုတ်ပြန်၊ အတည်ပြုမှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
သတင်း – ရဲထက်ကျော်
ဓာတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံး
http://sdtimedaily.com/2020/06/28/shp22-36/
No comments:
Post a Comment