တိုက်ပွဲရှောင်လုံးချင်းအိမ် ၆၀ဝ ခန့် ပလက်ဝတွင် ဆောက်လုပ်မည်
ခင်ဆုဝေ 29 JUN 2020 | မြန်မာတိုင်းမ်နေ့စဉ်
ပလက်ဝမြို့တိုက်ပွဲရှောင်ပြည်သူများ။ ဓာတ်ပုံ- ပေးပို့
ပလက်ဝမြို့တိုက်ပွဲရှောင်ပြည်သူများ။ ဓာတ်ပုံ- ပေးပို့
ပလက်ဝဒေသရှိ အစိုးရကျောင်းများ၌ ယာယီနေထိုင်သော တိုက်ပွဲရှောင်များအတွက် တိုက်ပွဲရှောင်လုံးချင်းအိမ်ရာများ ဆောက်လုပ်ပေးမည်ဖြစ်ပြီး ဇူလိုင် ၁၅ ရက်အပြီးရွှေ့ပြောင်းရန် ဆောင်ရွက်နေကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က မြန်မာတိုင်းမ်သို့ ပြောကြားခဲ့သည်။
ပလက်ဝရှိ အထက်တန်းကျောင်း၊ မူကြိုကျောင်းများရှိ မိသားစု ၃၀ဝ ကို လုံးချင်းအိမ်များ ဆောက်လုပ်ပေးကာ နေရာရွှေ့ပြောင်းရန် စီစဉ်နေသည်ဟု ဆိုသည်။
ပလက်ဝတွင် တိုက်ပွဲရှောင် မိသားစု ၁၁၁၇ စု ရှိနေပြီး လက်ရှိ အစိုးရကျောင်းများ၌ နေထိုင်လျက်ရှိသော တိုက်ပွဲရှောင်များအတွက် နေရာရွှေ့ပြောင်းရေး လုံးချင်းအိမ် ၅၇၀ဆောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
မူလတွင် ပေ ၁၀ဝ၊ ပေ ၃၀ တဲအိမ်များကို မိသားစု ၂၀ နေထိုင်၍ရရန် စီစဉ်ထားခဲ့သော်လည်း အဆင်မပြေ ခြင်းကြောင့် မိသားစု တစ်စုလျှင် ၁၀ပေ၊ ၁၂ ပေ အကျယ်ရှိ ဝါးတိုင်၊ သွပ်မိုး နှစ်သိန်းတန်လုံးချင်းများ ဆောက်လုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
''ဆမီးမှာတော့ တိုက်ပွဲရှောင်စခန်း ဆောက်လုပ်လို့ပြီးစီးသွားခဲ့ပါပြီ။ ပလက်ဝမှာ ဆောက်လုပ်ဖို့ လုပ် နေပါတယ်။ အခုလို စီစဉ်နေပေမယ့် ပလက်ဝက ဝါးဝယ်လို့မရဘူး။ မြို့ပြင်ထွက်ဝယ်လို့မရသလို မြို့ထဲလည်း သယ်လာလို့ မရဘူး ဖြစ်နေပါတယ်။ ဝါးရမှပဲ စီစဉ်နိုင်မယ်။ သွပ်ပြားကတော့ အချပ်ရေ ၈၀ဝ၀ တိတိ ကျွန်တော်တို့ ပလက်ဝကို ပို့ထားပြီးပါပြီ'' ဟု စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ဆိုသည်။
တိုက်ပွဲရှောင်စခန်း ဆောက်လုပ်မှုသည် ပြည်ထောင်စု ခွင့်ပြုချက်ဖြင့် ပြည်နယ် သဘာဝဘေး ရန်ပုံငွေ သိန်း တစ်ထောင့်နှစ်ရာနှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
''အစိုးရကျောင်းတွေမှာ မဟုတ်ဘဲ အခြားနေရာတွေမှာရှိတဲ့ တိုက်ပွဲရှောင်တွေကိုလည်း ခွဲထုတ်ဖို့ လုပ်မှာပါ။ ဒါပေမယ့် မိသားစု ၁၀ဝ၀ စာအတွက်တော့ ဆောက်နိုင်မယ် မထင်ဘူး။ ကျောင်းတွေက တိုက်ပွဲရှောင်တွေကိုလည်း အားချင်းရွှေ့ဖို့လုပ်နေတယ်။ တချို့ မိသားစုတွေကလည်း ပြန်ဖို့ရှိနေတော့ အလုံး ၆၀ဝ ဝန်းကျင်စာပဲ ဆောက်လုပ်ဖို့ရှိနေတာ ဖြစ်ပါတယ်။ အလှူရှင်တွေ လှူဒါန်းတာတွေ ရှိရင်တော့ ဆက်ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု ဝန်ကြီးဦးစိုးထက်က ဆိုသည်။
တိုက်ပွဲရှောင်များကို အိမ်ဆောက်ပစ္စည်း ထောက်ပံ့ပေးအပ်မည်ဖြစ်ကာ တိုက်ပွဲရှောင်များမှ မိမိတို့ ဘာသာ ဆောက်လုပ်ရမည်ဟု ဆိုသည်။
''ကျွန်တော်တို့ လုံးချင်းတစ်လုံးကို နှစ်သိန်းဆိုတာက သူတို့ လုပ်အားခပါ တွက်ချက်ပေးတာပါ။ တနည်းအားဖြင့် အလုပ်ဖန်တီး ပေးလိုက်တဲ့သဘောပါပဲ။ သူတို့က စားစရာတွေ ရရှိနေပေမယ့် အပြင်ဝင်ငွေ မရှိကြပါဘူး။ ပလက်ဝဘက်က သူတွေက သူတို့ဘာသာ အိမ်ဆောက်နိုင်ကြပါတယ်''ဟု ၎င်းက ဆိုသည်။
၂၀၁၉ နှစ်ကုန်ပိုင်းမှစတင်၍ ယခုချိန်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် တိုက်ပွဲရှောင်ဦးရေ တိုးပွားလာခဲ့သည်။ပလက်ဝမြို့ပေါ်တွင် အိမ်ထောင်စု ၄၀ဝ ခန့်ဝန်းကျင်ဖြင့် လူဦးရေ ၁၈၀ဝ ခန့်ရှိနေပြီး ဆမီးမြို့တွင် အိမ်ထောင်စု ၇၀၇ ၊ လူဦးရေ ၃၀ဝ၀ ဝန်းကျင်ရှိနေသည်။
ဆမီးတွင်လည်း တိုက်ပွဲရှောင် လုံးချင်းအိမ် အလုံး ၇၅၀ ဆောက်လုပ်ပြီးစီးပြီဖြစ်သည်။
''လက်ရှိ စားစရာတွေထောက်ပံ့ထားပါတယ်။လတ်တလော ဆန်အိတ် ၄၀ဝ၀ ပို့ထားပြီးပါပြီ။ တိုက်ပွဲရှောင်သူတွေနဲ့ရော ဒေသခံတွေရောအတွက် တောက်လျှောက်ဆောင်ရွက်ပေးနေပါတယ်'' ဟု ဦးစိုးထက်က ပြောကြားခဲ့သည်။
ပလက်ဝမြို့သည်၂၀၁၅ ခုနှစ်ကတည်းက တိုက်ပွဲများ သိသိသာသာ ဖြစ်လာခဲ့ပြီး လက်ရှိအချိန်ထိ ကြာမြင့်သည့် တိုက်ပွဲတွင် ပလက်ဝလူဦးရေ တစ်သိန်းကျော်အနက် ခြောက်သောင်းခန့်က စစ်ဘေးဒဏ်ခံနေရသည်။တိုက်ပွဲရှောင်ဦးရေသည် လေးထောင်မှ ခြောက်ထောင်ကြားရှိနေသည်။
https://myanmar.mmtimes.com/news/140792.html
No comments:
Post a Comment