တောင်ကုတ်စည်ပင်ဥက္ကဋ္ဌ နဲ့ တောင်ကုတ်ANP ရဲ့ဒုဥက္ကဋ္ဌတို့ကို အကြမ်းဖက်အဖွဲ့အစည်းဆက်သွယ်မှုနဲ့ တရားစွဲ
၃၀ ဇွန် ၂၀၂၀
တောင်ကုတ်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀ (က)နဲ့ ရမန်ယူဓာတ်ပုံ ရင်းမြစ်,U TIN NYO
ဓာတ်ပုံ ပုံစာ,
တောင်ကုတ်မြို့နယ် တရားရုံးမှာမေလ ၁၁ ရက်က ပုဒ်မ ၅၀ (က)နဲ့ ရမန်ယူ
တောင်ကုတ်စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်၊ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ တောင်ကုတ်မြို့နယ် ဒုတိယ ဥက္ကဋ္ဌ ဦးဝေသောင်း ၊ ဦးစန်းငွေ နဲ့ ဦးစည်သူကျော်ဇံတို့ ၄ ဦးကို အကြမ်းဖက်မှု ပုဒ်မ ၅၂ (က) နဲ့ ဇွန်လ ၃၀ ရက်နေ့က တရားစွဲတင်လိုက်ပြီလို့ ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးတင်ညိုက ဘီဘီစီကို ပြောပါတယ်။
မေလ ဒုတိယပတ်ထဲက စတင်ပြီး ဖမ်းဆီးခံထားရတဲ့ သူတို့ကို အကြမ်းဖက်မှုပုဒ်မတွေနဲ့ လေးကြိမ် ချုပ်ရမန် ယူခဲ့ပြီးတော့ တောင်ကုတ်မှာ အကြမ်းဖက်မှု ပုဒ်မ ၅၂ (က) အခုလို အမှုစွဲတင်လိုက်တာလည်း ဖြစ်ပါတယ်။
သူတို့ကို တောင်ကုတ်တရားရုံး၊ မြောက်ဥက္ကလာပတရားရုံးနဲ့ သံတွဲတရားရုံးတွေမှာ အသီးသီး ချုပ်ရမန်ယူခဲ့တယ်လို့လည်း ဦးတင်ညို ကပြောပါတယ်။
နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းဖြစ် သတ်မှတ်ထားတဲ့ ရက္ခိုင့်တပ်တော် အေအေနဲ့ ဆက်သွယ်တာ၊ သူတို့ကို ကူညီထောက်ပံ့တာ စတဲ့စွပ်စွဲချက်နဲ့ စွဲဆိုတာဖြစ်တယ်လို့လည်း ဦးတင်ညိုက ပြောပါတယ်။
တောင်ကုတ်မြို့နယ် စည်ပင်ဥက္ကဋ္ဌကို ရဲကခေါ်စစ်
တောင်ကုတ်မှာ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေရှိနေ
ရမန်ယူပြီး တောင်ကုတ်မြို့မရဲစခန်း ကနေရာပြောင်းရွှေ့ခေါ်သွားဓာတ်ပုံ ရင်းမြစ်,U TIN NYO
ဓာတ်ပုံ ပုံစာ,
ရမန်ယူပြီး တောင်ကုတ်မြို့မရဲစခန်း ကနေရာပြောင်းရွှေ့ခေါ်သွား
ဖမ်းဆီးခံထားရသူတို့ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့လည်း သိရပါတယ်။
သူတို့ကို ရန်ကုန်မြို့ အောင်သပြေစစ်ကြောရေးစခန်းကိုလည်း ခေါ်ယူစစ်ဆေးခဲ့ပြီးနောက်ပိုင်းမှာ သံတွဲကိုပြန်လည်ခေါ်ယူခဲ့တာလို့လည်း သိရပါတယ်။
တရားစွဲခံရသူတွေဟာ လူမှုရေးအဖွဲ့စည်းတွေမှာသာ ပါဝင်ဆောင်ရွက်သူတွေ ဖြစ်တယ်လို့လည်း ဦးတင်ညိုက ပြောပါတယ်။
ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ မေလ ၁၁ ရက်က အကြမ်းဖက်မှုနဲ့ အမှုဖွင့် ဖမ်းဆီးခဲ့တဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်ရဲ့ညီဖြစ်သူ မိုက်ကယ် ခေါ် ဦးစည်သူကျော်ဇံကို မေလ ၂၅ ရက်နေ့ က ထပ်ပြီးဖမ်းဆီးခဲ့သလို ဦးစန်းငွေကို မေလ ၁၀ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဝေသောင်းကိုတော့ ဆားပြင်ကျေးရွာမှာရှိတဲ့ သူ့ရဲ့နေအိမ်ကို မေလ ၁၁ ရက် မနက်ပိုင်းမှာ အရပ်ဝတ်နဲ့လူနှစ်ဦးရောက်ရှိလာကာ မေးမြန်းစရာတွေရှိတယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ မိသားစုတွေဆီကနေ သိရပါတယ်။
တောင်ကုတ်မြို့နယ် ကိုဗစ် ၁၉ဓာတ်ပုံ ရင်းမြစ်,U ZAY YA KYAW
ဓာတ်ပုံ ပုံစာ,
တောင်ကုတ်မြို့နယ် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်
ဒီအမှုကို လာမယ့် ဇူလိုင်လ ၉ ရက်နေ့မှာ စတင်စစ်ဆေးဖို့ ရှိပြီး တရားစွဲဆိုသူကတော့ သတင်းရဲတပ်ဖွဲ့က ရဲ အရာရှိတစ်ဦးဖြစ်ပြီး သက်သေ ၁၀ ဦးခန့် တင်သွင်းထားတယ်လို့ သိရကြောင်းလည်း ဦးတင်ညိုက ပြောပါတယ်။
ဦးဇေယျကျော်ဟာ စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ စည်ပင်လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့သလို တောင်ကုတ်မြို့နယ် ကိုဗစ် ၁၉ ကာကွယ်ရေးလုပ်ငန်းတွေမှာလည်း ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူလို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်စည်ပင်ဥက္ကဋ္ဌရဲ့ညီ ဦးစည်သူကျော်ဇံဟာ ဈေးရောင်းပြီး မြို့နယ်လူမှုရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦး ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ဦးစန်းငွေကတော့ တောင်ကုတ် စည်ပင်ဥက္ကဋ္ဌဟောင်း ဖြစ်ပါတယ်။
https://www.bbc.com/burmese/burma-53236267
No comments:
Post a Comment