ကျောက်တော်တွင် AA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိ
01-Jul-2020
ရန်ကုန်၊ ဇွန် ၃၀
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များက AA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ဇွန်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ နယ်မြေခံတပ်နှင့် ကန်စောက်ရဲကင်းစခန်းတို့မှ လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ကန်စောက်ကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေစဉ် ကျောက်တော်မှ စစ်တွေသို့ မောင်းနှင်လာသော မသင်္ကာဖွယ်ရာ ယာဉ်တစ်စီးကိုရပ်တန့်စစ်ဆေးခဲ့ရာမှ AA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်ပေါ်တွင် ဦးထွန်းအေး မောင် ၃၅ နှစ်၊ (ဘ) ဦးမောင်သာဦး၊ ရခိုင်၊ ဗုဒ္ဓ၊ အပေါက်ဝကျေးရွာနေသူက မောင်းနှင်လာပြီး ယာဉ်မှာ TOYOTA (Wish) အဖြူရောင်လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးရမိသဖြင့် ယာဉ်ပေါ်ပါလာသူများဖြစ်သော အပေါက်ဝကျေးရွာနေ ဦးဘိုကျော်သန်း၊ ဦးအောင်နိုင်စိုး၊ ဦးဆန်းဝင်းနိုင်နှင့် ဦးမြင့်ဇော်တို့ကို ဆက်လက်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် ဦးဘိုကျော်သန်းကိုင်ဆောင်သည့် VIVO အနက်ရောင်ဖုန်းအတွင်းမှ ဖောက်ခွဲရေး မိုင်းပြုလုပ်ထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ၎င်းကိုယ်တိုင်ဖောက်ခွဲရေးရီမု ကိုင်ဆောင်ထားသည့် မှတ်တမ်းဓာတ်ပုံများ၊ အပေါက်ဝကျေးရွာအနီး ထောင်ထားသည့် မိုင်းနှင့် မိုင်းထောင်ထားသည့်နေရာပြ GPS မြေပုံညွှန်း Screenshot မှတ်တမ်းဓာတ်ပုံများ၊ အသက် ၃၅ နှစ်ခန့်ရှိ ကျားတစ်ဦးကို လက်ထိတ်ခတ်ဖမ်းဆီးထားသည့် မှတ်တမ်းဓာတ်ပုံများကို စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းတို့အား ဆက်လက်စစ်ဆေးခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် ဘိုကျော်သန်းအား ပဏာမစစ်ကြောမေးမြန်းချက်များအရ ၎င်းမှာ အပေါက်ဝကျေးရွာတွင် 'သာလိစွ' အမည်ဖြင့် လက်ဖက်ရည်နှင့် ဘီယာဆိုင်ဖွင့်လှစ်ထားကြောင်း၊ ၎င်း၏ညီအရင်းဖြစ်သူ ကျော်စိုးဝင်း (ခေါ်) ချက်ဖူးသည် ညောင်ဦးမြို့နယ်၊ ပေါက်တောကျေးရွာနေ ဆန်းဌေးဆိုသူ၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် AA လက်နက်ကိုင်အဖွဲ့အတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ဧပြီလတွင် ကျော်စိုးဝင်းမှာ တပ်မတော်စစ်ကြောင်းနှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း၊ ၎င်းနောက် ဆန်းဌေးနှင့် ရင်းနှီးခဲ့ကြောင်း၊ ဆန်းဌေးသည် အမည်မသိ လူ ၈ ဦးခန့်နှင့် ၎င်း၏ဆိုင်သို့ မကြာခဏလာရောက်ကြောင်း၊ ဆန်းဌေးသည် AA လက်နက်ကိုင်အဖွဲ့ဝင်ဖြစ်ပြီး ၎င်းတို့အဖွဲ့သည် အပေါက်ဝကျေးရွာဝန်းကျင်၌ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်သည့်အဖွဲ့ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း အပေါက်ဝကျေးရွာ၊ ဘူတာရုံအနီးတွင် တစ်ကြိမ်နှင့် အပေါက်ဝကျေးရွာ အဝင်လမ်းဘယ်ဘက်တွင် တစ်ကြိမ် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဆန်းဌေးသည် ၎င်း၏ဆိုင်အတွင်းမှပင် ရီမုကိုင်ပြီး မိုင်းဖောက်ခွဲခဲ့ဖူးကြောင်း၊ ဘိုကျော်သန်းသည် အပေါက်ဝကျေးရွာအတွင်း ဖွဲ့စည်းထားသည့် ULA အဖွဲ့ဝင် ၁၀ ဦးအနက် တစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အပေါက်ဝကျေးရွာရှိ အိမ်တစ်အိမ်လျှင် ၅၀ဝ၀ ကျပ်နှုန်း ကောက်ခံ၍ AA လက်နက်ကိုင်အဖွဲ့ထံ ဖုန်းငွေဖြည့်ကတ်၊ ရိက္ခာနှင့်အဝတ်အစား အသုံးအဆောင်ပစ္စည်းများ ဝယ်ယူကာ ဖေဖော်ဝါရီလတွင် မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာသို့လည်းကောင်း၊ မတ်လနှင့် မေလတို့တွင် ကျောက်တော်မြို့နယ် တင်းမကျေးရွာသို့လည်းကောင်း ဖုန်းဖြင့်ဆက်သွယ်၍ သုံးကြိမ်ပေးပို့ခဲ့ရကြောင်း၊ ၎င်းတို့သည် တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားမှုများကိုစုံစမ်း၍ အပေါက်ဝနယ်မြေတာဝန်ခံ ဆန်းဌေးထံသို့ သတင်းပေးပို့ပေးရကြောင်း စစ်ကြောသိရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ယာဉ်ပေါ်ပါ အခြား ၃ ဦးမှာမူ AA လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း စစ်ဆေးသိရှိရပြီး ကျန် ၃ ဦးကို ပြန်လည်စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း တပ်မတော်ကဆိုသည်။
လက်ရှိတွင် AA လက်နက်ကိုင်အဖွဲ့ဝင်ဟု စစ်ဆေးသိရှိရသူ ဘိုကျော်သန်းကို အကြမ်းဖက်ဥပဒေပုဒ်မဖြင့်လည်းကောင်း၊ ယာဉ်မောင်း ထွန်းအေးမောင်ကို လိုင်စင်မဲ့ယာဉ်လက်ဝယ်ထားရှိမှု၊ လိုင်စင်အတုပြုလုပ်မှု ပို့ကုန်/သွင်းကုန် အက်ဥပဒေအရလည်းကောင်း အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
No comments:
Post a Comment