Tuesday, June 30, 2020

AA အကြမ်းဖက်သောင်းကျန်းသူများက သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုဇွန်ကန်စောင့်အလုပ်လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်း ၁ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

AA အကြမ်းဖက်သောင်းကျန်းသူများက သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုဇွန်ကန်စောင့်အလုပ်လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်း ၁ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်
နေပြည်တော်၊ ဇွန် - ၃၀
    
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုဇွန်ကန်စောင့် အလုပ် လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်းအငြိမ်းစားတစ်ဦးအား ဇွန် ၂၄ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက ဝိုင်းဝန်းရိုက်နှက်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းလင်း(ဘ)ဦးဘိုတင်၊ အသက် ၄၄ နှစ်သည် လောင်းချောင်းကျေးရွာရှိ ဦးထွန်းနိုင်လင်း ပိုင်ဆိုင်သည့် ပုဇွန်ကန်၌ ကန်စောင့်အလုပ်အား လုပ်ကိုင်နေစဉ် ဇွန် ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် အဆိုပါ ကျေးရွာမှ ဦးသိန်းဝင်း၊ မောင်မောင်ချေ တို့အပါအဝင် AA အကြမ်းဖက်သောင်းကျန်းသူ ၇ ဦးခန့် ရောက်ရှိလာပြီး ဦးသန်းလင်းအား ဝိုင်းဝန်းရိုက်နှက်၍ အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
    
AA အကြမ်းဖက်သောင်းကျန်းသူများ ဝိုင်းဝန်းရိုက်နှပ်ဖမ်းဆီးခြင်းခံရသည့် ဦးသန်းလင်း သည် ၂၀၀၁ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူထားသူဖြစ်ပြီး အမ်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်တွင် ဇနီးဖြစ်သူနှင့်အတူနေထိုင်ကာ ပုဇွန်ကန်စောင့်သည့်အလုပ်အား ရိုးသားစွာ လုပ်ကိုင်နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
    
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအတွင်း အရပ်သား အသွင်ဖြင့် ရောနှောနေထိုင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့်၍ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှုမရှိသည့်  ရွာသူ၊ ရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသတွင်းအေးချမ်းစွာ အလုပ်လုပ်ကိုင်လျက် ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်းများကို အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင် ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
    
အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအား ပြန်လည်ရရှိရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment