ရခိုင်နှင့်ချင်းတွင် တိုက်ပွဲများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ စိုးရိမ်ပြီး ဥပဒေများလိုက်နာရန် တပ်မတော်နှင့်AA ကို UN တိုက်တွန်း
ရန်ကုန်၊ ဇွန် ၂၈
ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တွင် တိုက်ပွဲများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ စိုးရိမ်နေပြီး နှစ်ဖက်တပ်များအနေဖြင့် နိုင်ငံတကာ လူသားချင်းထောက်ထားမှုဆိုင်ရာ ဥပဒေများကို လိုက်နာပြီး အကူအညီများ ခွင့်ပြုရန် ကုလသမဂ္ဂက ယနေ့ ထုတ်ပြန်သည်။
ရသေ့တောင်မြို့နယ်၊ ကျောက်တန်း နယ်မြေတွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ မြင့်တက်လာပြီးနောက် ကုလသမဂ္ဂက စိုးရိမ်ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။
အဆိုပါကျောက်တန်းနယ်မြေတွင် လူပေါင်း ၁ သောင်းကျော်နေထိုင်ပြီး အဆိုပါနေရာများမှ ဒေသခံများ အိုးအိမ်များ စွန့်လွှတ်ထွက်ပြေးလာသော သတင်းများ ထွက်ပေါ်နေ ကြောင်း၊ ထို့ပြင် တိုက်ပွဲများအကြား ပိတ်မိနေသူများ ရှိနေပြီး တိုက်ပွဲများကြောင့် အရပ်သားများ၏ ပိုင်ဆိုင်မှု ပျက်စီးခြင်းနှင့် ဖျက်ဆီးခံရခြင်းများ ရှိကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခသည် အရပ်သားများကို ဆက်လက် ထိခိုက်မှုများရှိနေကြောင်း၊ ရခိုင်ပြည်နယ်အစိုးရနှင့် လူသားချင်း စာနာထောက်ထားမှု ကူညီပေးနေသော အဖွဲ့များ၏ ထုတ်ပြန်ချက်အရ ဇွန်လ ၂၁ ရက်နေ့ အထိ စစ်ဘေးဒုက္ခသည် ၇၇၂၀၀ ဦးရှိနေပြီး ရသေ့တောင်တွင်ပင် အရပ်သား ရွှေ့ပြောင်းနေထိုင်ရသူ ၁၄၅၀၀ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကိုဗစ် ကပ်ဘေးကာလအတွင်း အပစ်အခတ်ရပ်စဲရေး ပန်ကြားချက်ကို လိုက်နာကြရန်နှင့် နှစ်ဖက် တပ်များအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဥပဒေများကို လိုက်နာပြီး တာဝန်သိလိုက်နာကြရန်၊ အရပ်သားများနှင့်သက်ဆိုင်သော အခြေခံအဆောက်အအုံများ ထိခိုက်ခြင်းမရှိရန် ၊ ပိတ်မိနေသော အရပ်သားများပြည်သူများကိုလည်း အကူအညီများ ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ရန်တို့ကို ကုလသမဂ္ဂက တောင်းဆိုထားသည်။
https://www.facebook.com/khitthitnews/posts/950665288704151?__cft__[0]=AZXLuauIHU6RGP-XLCSL68LqVEOaM10wUcwjMb9nq6doJfqxqQDBPiXoeNzzBuvlsoXCUguB7r1MfCIf-Y3o7dxqKzsaJ6Uu1o6TMRRG9RYrmKbm2SgUWN1eY5Uk4htolJOG4IeR6CI9ZabnPqk7LP1jV8QsxuDhox6zxGmP74cntg&__tn__=%2CO%2CP-R
No comments:
Post a Comment