Sunday, May 31, 2020

AA ခြေကုတ်စခန်းသုံးခုကို သိမ်းလိုက်ကြောင်း တပ်မတော်ထုတ်ပြန်

ချင်းပြည်နယ် ပလက်ဝဒေသတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အခိုင်အမာခြေကုတ်ယူထားသော တပ်စခန်း ၃ ခုကို ထိန်းသိမ်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့မေ ၃၁ ရက် ညပိုင်းတွင် သိရသည်။
ပလက်ဝမြို့ အနောက်တောင်ဘက် မီတာ ၂၅၀ဝ အကွာက ပွိုင့် ၆၀၂၊ ပွိုင့် ၅၆၅၊ ပွိုင့် ၅၄၀ နေရာများ၌ AA က တပ်စခန်းချကာ အခိုင်အမာခြေကုတ်ယူထားပြီး ပလက်ဝမြို့ကို စိုးမိုးထားသည်။
ပလက်ဝ ဒေသနှင့် ကုလားတန်မြစ်စီမံကိန်း တို့ကို ခြိမ်းခြောက်နိုင်သည့် ယင်းနေရာများကို ယနေ့ ၃၁ ရက် နံနက်ပိုင်းက တပ်မတော်က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းနေရာများတွင် ခြေကုတ်ယူထားသော AA သည် ချင်းပြည်နယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် စည်ပင်ကော်မတီဝင် ဦးမြင့်မောင်နှင့် အရပ်သားများ၊ကုလားတန်မြစ်စီမံကိန်းမှ အိန္ဒိယ နိုင်ငံသားများကို ဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ်ခဲ့ကြောင်း၊ထို့ပြင် ပလက်ဝဒေသသို့ ရိက္ခာများသယ်ဆောင်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏ ယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
ယင်း စခန်းများတိုက်ခိုက်ခံရမှုတွင် AA တပ်ဖွဲ့ ဝင်များ ကျဆုံးခဲ့သည်ဟု AA က မေ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
၎င်းတိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းကို မေ ၂၉ ရက် နံနက်အစောပိုင်းက AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးကာ ၆ ဦးကို AA က ဖမ်းဆီးထားသည်။ ရဲကင်းစခန်းတိုက်ခိုက်ခံရမှုကြောင့် တပ်မတော်စစ်ကြောင်းက ကုန်းကြောင်း၊ရေကြောင်းဖြင့် AA ကို ပြန်လည်တိုက်ခိုက်ရာ မေ ၃၀ ရက်တွင် ရသေ့တောင်မြို့နယ် ရပ်ခုံတိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ရပ်ခုံတိုင်ရွာသည် AA အဖွဲ့ ဝင်များ ဝင်ရောက်ခိုလှုံသည့်ရွာဖြစ်သည်ဟု တပ်မတော်က ဆိုသည်။
ရခိုင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများ၏ အဆိုအရ ယင်းတိုက်ပွဲတွင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
https://myanmar.mmtimes.com/news/139790.html

No comments:

Post a Comment