ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် WHO ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မတီကို နိုင်ငံတော်သမ္မတရုံး ဖွဲ့စည်း

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ဧပြီ ၂၀ ရက် ညနေပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၈ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။
WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်နှင့် အရပ်သားဝန်ထမ်း ကျန်းမာရေးကြီးကြပ် (၂) ဦးအောင်မျိုးဦးတို့သည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ COVID-19 ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲဌာနသို့ ပို့ဆောင်ရန် WHO ပိုင် မော်တော်ယာဉ်ဖြင့် သယ်ယူလာစဉ် ဧပြီ ၂၀ ရက် ညနေပိုင်းတွင် မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင် ပါရှိသည်။
ထိုသို့ ကမ္ဘာ့ကုလသမဂ္ဂ (United Nation-UN) အမှတ်တံဆိပ်ပါ မော်တော်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဦးပြည့်စုံဝင်းမောင်၏ ဘယ်ဘက် တင်ပါး၊ ယာဘက် တံတောင်ဆစ်နှင့် ဦးအောင်မျိုးဦး၏ ယာဘက်လက်တို့တွင် လက်နက်ငယ် ထိမှန်ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် မင်းရွာ ကျေးလက်ကျန်းမာရေးဌာနသို့ ဝင်ရောက်ပြသခဲ့ပြီး ၎င်းမှတစ်ဆင့် စက်လှေဖြင့် မင်းပြားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရာ ဦးပြည့်စုံဝင်းမောင်သည် ဧပြီ ၂၁ ရက် နံနက် ၁ နာရီတွင် ဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင် ပါရှိသည်။
COVID-19 ရောဂါနှင့် သက်ဆိုင်သည့် လိုအပ်သော ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ရန်သယ်ဆောင်ပေးသည့် UN အမှတ်တံဆိပ်ပါ WHO ပိုင် မော်တော်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်သိရှိနိုင်ရေးအတွက် “ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီ” ကို ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစောက ဥက္ကဋ္ဌအဖြစ် ပါဝင်စေလျက် ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြခဲ့သည်။
အဆိုပါကော်မတီတွင် ကမ္ဘာ့ကုလသမဂ္ဂ အကြီးတန်းအကြံပေးပုဂ္ဂိုလ် (အငြိမ်းစား) ဒေါက်တာစုစုသာထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်သူရိန်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဗိုလ်မှူးကြီးထိန်လင်း (နိုင်ငံတော်သမ္မတရုံး တွဲဘက်တာဝန်) က အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာ၏ နောက်ခံအခြေအနေ၊ ဖြစ်ပွားခဲ့ရခြင်း အကြောင်းရင်း၊ ဖြစ်စဉ်အသေးစိတ် စသည်တို့သိရှိနိုင်ရန် ဖြစ်စဉ်နေရာသို့ သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ WHO ပိုင် မော်တော်ယာဉ် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရခြင်းအတွက် မျက်မြင်သက်သေများ၊ အထောက်အထားများ ရှာဖွေစုံစမ်း၍ ထွက်ဆိုချက်များ ရယူခြင်းနှင့် ယင်းပစ်ခတ်မှုနှင့်စပ်လျဉ်း၍ သက်မဲ့သက်သေ၊ သက်ရှိသက်သေများမှ အထောက်အထားများ၊ အချက်အလက်များ ရယူခြင်းတို့ ပါဝင်သည်။
ထို့ပြင် စုံစမ်းစစ်ဆေးမှု မှန်ကန်ပြည့်စုံစေရေးအတွက် ရင်ခွဲစစ်ဆေးချက်များ၊ မှုခင်းကျွမ်းကျင်သူများ၊ စစ်လက်နက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အခြားကျွမ်းကျင်သူများ၏ ထင်မြင်ယူဆချက် သဘောထားများကို ရယူခြင်း၊ WHO ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့် အရပ်သားများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် အကြံပြုချက်များ တင်ပြခြင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် နိုင်ငံတကာစံနှုန်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းတို့သည်လည်း အဆိုပါကော်မတီ၏ လုပ်ငန်း တာဝန်များတွင် ပါဝင်ခဲ့သည်။
အဆိုပါ ကော်မတီက စုံစမ်းစစ်ဆေးမှု တာဝန်များ ထမ်းဆောင်နေစဉ်အတွင် ၎င်းတို့၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် ကော်မတီ၏ သက်တမ်းသည် နိုင်ငံတော်သမ္မတထံ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ တင်သွင်းပြီးချိန်အထိဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။
စုံစမ်းစစ်ဆေးရေးကော်မတီသည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး အရာရှိများအပါအဝင် လိုအပ်သော လူပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်း၊ စာရွက်စာတမ်း တောင်ယူခြင်းနှင့် လိုအပ်သည့်နေရာများသို့ သွားရောက်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြခဲ့သည်။
No comments:
Post a Comment