Thursday, April 2, 2020

စစ်ရှောင်စခန်းတွင် လူများအစုလိုက်နေရခြင်းကြောင့် Covid -19 ကြိုတင်ကာကွယ်ရန် စစ်ပွဲရပ်ရန်လိုဟု CHRO ပြော

စစ်ရှောင်စခန်းတွင် လူများအစုလိုက်နေရခြင်းကြောင့် Covid -19 ကြိုတင်ကာကွယ်ရန် စစ်ပွဲရပ်ရန်လိုဟု CHRO ပြော
=========
Salai Benezar
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်များကြောင့် စစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင်များ အစုလိုက်အပြုံလိုက် နေထိုင်နေရမှုကြောင့် Covid-19 ရောဂါအန္တရာယ်စိုးရိမ်နေရပြီး အပစ်အခတ်များ အမြန်ဆုံးရပ်တန့်ပေးရန် လိုအပ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့မှ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) မှ Human Right Documentation Director Pu Terah ကပြောသည်။
Pu Terah က “ကမ္ဘာက ကပ်ရောဂါအဖြစ်သတ်မှတ်ထားတဲ့ Codvid-19 ဖြစ်နေတယ်၊ တိုက်ပွဲတွေကြောင့် နောက်ဆက်တွဲပြသနာဖြစ်နေတဲ့ စစ်ဘေးရှောင်တွေအတွက် အင်မတန်မှ စိုးရိမ်စရာရှိတယ်၊ မြန်မာနိုင်ငံမှာတောင်မှ ပွဲလမ်းသဘင်တို့၊ ကျောင်းတို့ ၊ဘုရားကျောင်းတို့ ပိတ်ပင်တဲ့အချိန်မှာ စစ်ဘေးရှောင်တွေက အစုလိုက်အပြုံလိုက်နေတယ်ဆိုတာ တစ်ကယ့်ကို အန္တရာယ်ကြီးတဲ့ အနေအထားဖြစ်နေတယ်။ ဒါကြောင့် ဖြစ်နိုင်လို့ရှိရင် အခုချိန်မှာ တိုက်ပွဲတွေ စစ်ပွဲတွေ ချက်ခြင်းရပ်ပေးလို့ရှိရင် အခုလိုမျိုး အစုလိုက်အပြုံလိုက် နေရတဲ့ဖြစ်စဉ်ကို ဖြေရှင်းနိုင်မှာဖြစ်သလို Covid-19 ရဲ့ ကြိုတင်ကာကွယ်မှုကိုလည်း ဖြေရှင်းနိုင်မယ်လို့ ကျနော်ပြောချင်တယ်”ဟု ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကမ္ဘာအရပ်ရပ်မှ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး အပစ်အခတ်ရပ်စဲကြရန် မတ်လ(၂၃)ရက်နေ့က ကြေငြာချက်ထုတ်ပြန်တိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များမှလည်း လက်နက်ကိုင်အဖွဲ့အစည်းများ အပစ်အခတ်ရပ်စဲပြီး Covid-19 ရောဂါ ကာကွယ်စောင့်လျှောက်မှုအား ဉီးစားပေးဆောင်ရွက်ရန် ဧပြီလ ၁ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။
ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “ကျနော်တို့အမြဲတမ်းလည်းပြောပါတယ်၊ တိုက်ပွဲတွေဖြစ်တယ်ဆိုတာက ဘယ်နေရာမှ ကောင်းတယ်ဆိုတာ မရှိဘူးလေ၊ အခုက လူစုလူဝေးနဲ့ ထောင်ချီရှိနေတော့ ကမ္ဘာ့ကပ်ရောဂါလို့အခေါ်ခံရတဲ့ အဲဒီရောဂါက တစ်ကယ်လို့ ဖြစ်လာခဲ့ရင် မှန်းဆလို့တောင်မရတဲ့ အသက်အန္တရာယ်တွေ ဖြစ်လာမှာပေါ့၊ ကျနော်တို့အနေနဲ့ မှတ်ချက်ပေးစရာတောင် ဘာမှမရှိတော့ပါဘူး၊ ဘယ်လိုပုံစံနဲ့ အကောင်းဆုံးရင်ဆိုင်ဖြေရှင်းမလဲဆိုတာဘဲ ကြိုးစားနေတယ်၊ ကျနော်တို့ ဆမီးမှာက လူဉီးရေက ၄ဝဝဝတောင်မပြည့်ဘူး၊ အခုဒုက္ခသည်ဉီးရေက သုံးထောင်နီးပါးရှိတယ်ဆိုတော့ ဆမီးမြို့လူရေနီးပါးရှိတဲ့ လူအုပ်ကြီးက စုပြုံနေတော့၊ ကျနော်တို့က ဘာကိုဘယ်လိုလုပ်ရမလဲဆိုတာတောင်မှ အချိန်မရတော့သလိုဖြစ်နေတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဦးရေမှာလည်း အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ တစ်နေ့ပြီးတစ်နေ့ တိုးလာလျက်ရှိသကဲ့သို့ အဆိုပါရောဂါကြောင့် အသက်သေဆုံးမှုလည်း မြန်မာနိုင်ငံတွင်ရှိလာပြီဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများက အစိုးရနှင့် တပ်မတော်တို့အား အပစ်အခတ်ရပ်စဲရေး ကြေညာရန်တောင်းဆိုနေကြသော်လည်း ထိုသို့ပြုလုပ်ရန်မလိုအပ်ကြောင်း တပ်မတော်က ဧပြီ ၁ ရက်တွင် တုံ့ပြန်ခဲ့သည်။
လက်ရှိတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်ကြား ပစ်ခတ်နေမှုများကြောင့် ပလက်ဝမြို့နယ်ရှိ ပြည်သူ ထောင်ချီ စစ်ဘေးရှောင်နေရပြီး လမ်းကြောင်းများ ပိတ်ထားမှုကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုများလည်းရှိနေကြောင်းသိရသည်။
https://www.facebook.com/167011980026853/photos/a.208888815839169/2993391610722195/?type=3&__xts__%5B0%5D=68.ARDJ23kAwMcc4LcwOlYgp5z1itwDm3xQHxrSp-QKnvYDmx68aEn4WE7vSsxs1NfnMFuevYEzWjHqfENY6Zr-FUgOzTMcIqTsgNDs5labCrv_enywuD0j9eOLmA7vaX9-sIkm-jTc89t5k1v0EgIB3pSiNB3er79afg2nWRxlvt6hFe_7A0aWa0A7d4gYxWChh3WYWk-b7EDF9plDObpPnpC7FqXEksj1unmSwc-_0K93Z3UvZ6eTaUn96-kHty4klHvTQDD9eRpAjZkheMP7KKyml-XtTzP0LSRdyikZ0-xkVN7BAtwXxTnw_6nP79TGKRqdgJ14AVMSjxmu5AhHVsg9ow&__tn__=-R

No comments:

Post a Comment