ကျောက်တော်ပစ်ခတ်မှု အရပ်သားများ သေဆုံး ဒဏ်ရာရ
02 ဧပြီ၊ 2020
သက်နိုင်
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော ရခိုင်စစ်ရှောင်များ (ဇန်နဝါရီ ၀၄၊ ၂၀၁၉ )
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော ရခိုင်စစ်ရှောင်များ (ဇန်နဝါရီ ၀၄၊ ၂၀၁၉ )
မျှဝေပါ
Print
(Zawgyi/Unicode)
ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့ပေါ်မှာ မနေ့က ညနေပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါတယ်။ တပ်မတော်ဘက်ကတော့ ကျောက်တော်ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီးတော့ တိတိကျကျ မသိရသေးဘူးလို့ ပြောဆိုထားပါတယ်။
ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့ပေါ်မှာ မနေ့က ညနေပိုင်းမှာ တစ်နာရီနီးပါးကြာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။
"ည ၅ နာရီလောက် ဖြစ်မယ် အဲဒီမှာ စဖြစ်တာပေါ့။ ကျောက်တော်၊ ပြည်တော်သာပြင်ပိုင်းလို့ပြောရမှာပေါ့။ မြို့အစွန်ပိုင်းက စတင်ပြီး ပစ်ခတ်မှု ဖြစ်တယ်လို့ ဆိုတယ်။ ပစ်ခတ်မှုက မိနစ် ၄၀ လောက်ကြာတယ်။ အပြင်းထန်ဆုံး ပစ်ခတ်မှုလို့ ပြောရမှာပေါ့။ နေအိမ်တွေလည်း ခေါင်းမိုးတွေ ပွင့်ထွက်သွားတာ ရှိတယ်။ ဘာသာရေး အဆောက်အအုံတွေလည်း ခေါင်းမိုးတွေ ပျက်စီးသွားကြတယ်။"
အဲဒီပစ်ခတ်မှုအတွင်းမှာ အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။
"သေသွားတာက ကျနော်တို့ ၅ ယောက် သေတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရတာတွေလည်း ရှိတယ်။ အကုန်လုံးကတော့ ကျနော့်ဆီကို သတင်းရောက်လာတာကတော့ ၇ ယောက်ပေါ့။ "
တပ်မတော်ဘက်ကတော့ မနေ့က ကျောက်တော်မြို့တွင်း ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီးတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်းညီက အခုလိုပြောပါတယ်။
"ကျောက်တော်မြို့ထဲမှာတော့ အဲလိုပစ်တာ ခတ်တာတို့ ကျနော်တော့ မကြားဘူးဗျာ။ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သဘောသဘာဝကတော့ ကျနော်တို့က တမင်လိုက်တိုက်နေတာ တော့ မဟုတ်ပါဘူး။ AA ကနေပြီးတော့ တိုက်ခိုက်တာတွေ ပိုများလာတယ်။ AA က လာတိုက်တာကို ကျနော်တို့ က ပြန်ပြီးတော့ တိုက်နေရတဲ့ အနေအထားမျိုးပေါ့နော်။ AA ကနေတော့ နေရာ မရှောင်ဘူး ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသလိုပဲ။ ဒါကြောင့်လဲ သူ့ကို အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ သတ်မှတ်တာပေါ့နော့်။ AA ကတော့ စဉ်းစားဖို့ကောင်းတယ်။ ပြည်သူလူထုအတွက် အများကြီး စဉ်းစားဖို့ကောင်းတယ်။ အမြန်ဆုံးငြိမ်းချမ်းသွားဖို့ လိုအပ်တယ် အမြန်ဆုံးငြိမ်းချမ်းဖို့လည်း ပါးစပ်က လျှောက်ပြောနေလို့ မရဘူး လက်တွေ့ကျကျ လုပ်ဖို့လည်း လိုအပ်တယ်။"
လက်ရှိအချိန်မှာ ကျောက်တော်မြို့ပေါ်မှာ စစ်ရှောင်တွေလည်း တိုးလာနေပြီး အခုလို ကျောက်တော်မြို့ပေါ် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် မြို့ တခုလုံး တိတ်ဆိတ်နေသလို ဒေသခံတွေဟာလည်း နောက်ထပ် ပစ်ခတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဦးထွန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။
https://burmese.voanews.com/a/kyauk-taw-rakhine-conflicts/5356718.html
No comments:
Post a Comment