Wednesday, April 29, 2020

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ မေလဆန်းတွင် ဆွေးနွေးမည်

အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မေလဆန်းတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အစိုးရနှင့် လက်နက်ကိုင် ကိုယ်စားလှယ်များက ပြောသည်။
"သူတို့ အချက်အလက်တွေရပြီဆိုရင်တော့ မေလ ၄ ရက်နေ့နောက်ပိုင်းမှာ ကျွန်တော်တို့နဲ့ဆွေးနွေးနိုင်ဖို့ရှိတယ်" ဟု အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့အကြား NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ဧပြီလ (၂၂) ရက်တွင် Online Video Conference ဖြင့် ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲ၏ နောက်ဆက်တွဲ အစည်းအဝေးကို မေ ၄ ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်သည်။

"ကျွန်တော်တို့ အချင်းချင်းကြားမှာ ဆွေးနွေးရမှာလေးတွေ မပြီးပြတ်သေးပါဘူး။ သဘောထားစုစည်းနိုင်ဖို့ ဆက်ပြီး ဆွေးနွေး စရာရှိနေသေးတယ်။ ဒါပြီးရင်တော့ ကျွန်တော်တို့နဲ့ အစိုးရကြား ပြန်တွေ့ဆုံပါမယ်။" ဟု ပအိုဝ်း အမျိုးသား လွှတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ဧပြီလကုန်တွင်ကျင်းပရန် စီစဉ်ခဲ့သော်လည်း Covid-19 ဖြစ်ပွားမှုကြောင့် ပျက်ပြယ်ခဲ့ရသည်။ တိုင်းရင်းသားလက်နက်ကိုင်များဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်သွားမည်ကို စိုးရိမ်နေသည်။
ထို့ကြောင့် ကိုယ်စားလှယ် အနည်းငယ်သာပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရေး သို့တည်း မဟုတ် အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးမှုများဆက်လက်ပြုလုပ်ရေးကို ကြိုးပမ်းနေသည်။ သို့သော်လည်း ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ အစည်းအဝေးကိုမူ ဇူလိုင်လကုန်အထိ ကျင်းပနိုင်ဖွယ်မရှိဟု ဦးခွန်မြင့်ထွန်းက သုံးသပ်ပြောဆိုသည်။

No comments:

Post a Comment