Thursday, April 30, 2020

ရခိုင်က စစ်ဘေးရှောင်စခန်းများကို အလှူရှင်များ၏အကူအညီဖြင့် ပြန်လည်ပြုပြင်နေ

ရခိုင်က စစ်ဘေးရှောင်စခန်းများကို အလှူရှင်များ၏အကူအညီဖြင့် ပြန်လည်ပြုပြင်နေ

မျိုးသီရိကျော် / DMG
ဧပြီ ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းများရှိ တဲ၊ တန်းလျားများမှာ ပျက်စီးယိုယွင်းမှုများရှိလာနေသဖြင့် ပြင်ပအလှူရှင်များထံမှ အလှူငွေကောက်ခံပြီး ပြန်လည်ပြုပြင်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေ သူများထံမှ သိရသည်။

စစ်ဘေးရှောင်စခန်းများကို ၂၀၁၉ ခုနှစ် နှစ်စပိုင်းမှစတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ လက်ရှိမှာ တဲ၊ တန်းလျား များပျက်စီးလာသဖြင့် မိုးရာသီအချိန်မီဆောက်လုပ်ပေးရန်လိုအပ်နေကြောင်း ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်အရေးကူညီပေးနေသူ ကိုဘက္ကာက ပြောသည်။

ထိုသို့ စစ်ဘေးရှောင်များကိုကူညီနိုင်ရန်အတွက် တစ်ရွာဝင်၊ တစ်ရွာထွက်လိုက်လံပြီး အလှူငွေများကို ကောက်ခံနေရကြောင်းလည်း ကိုဘက္ကာက ဆိုသည်။
“ကျနော်တို့ဒုက္ခခံရုန်းကန်ပြီးလုပ်ပေးရတာပါ။

ကျနော်တို့မှာငွေလည်းမရှိဘူး။ ပြည်ပရောက်တဲ့သူတွေဆီက အကူညီတောင်းခံပြီးလုပ်ပေးတာပါ။ အစိုးရက လျစ်လျုရှုထားတာကြောင့် ကျနော်တို့မနိုင်တဲ့ဝန်ကိုထမ်းပြီး လုပ်ဆောင်နေရတာပါ။ အစိုးရဆီကပေးရင်လည်း ဟန်ပြအနေနဲ့ မာမီးခေါက်ဆွဲ ၃၀၀ တန်လောက်ပဲ ပေးတာပါ” ဟု ၎င်းကပြောသည်။

ထို့ပြင် အင်တာနက်လိုင်းများမရှိခြင်းကြောင့်လည်း စစ်ဘေးရှောင်များ၏ အခက်အခဲကိုမမြင်တွေ့နိုင်သဖြင့် ပြင်ပအလှူရှင်များ၏ အကူအညီရရှိမှုနည်းပါးနေကြောင်းလည်း စစ်ဘေးရှောင်အရေးကူညီပေးနေသူများက ဆိုသည်။

“မိုးရာသီလည်းနီးလာတာကြောင့် ပြိုနေတဲ့တန်းလျားတွေဆိုရင် အခုလကတည်းက ပြီးသင့်နေပြီလို့ ထင်ပါတယ်။ အခုက ငွေကြေးအခက်အခဲတွေကြောင့် မဆောက်လုပ်နိုင်ဘူး”ဟု စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသည့် မြောက်ဦးမြို့နယ်မှ ကိုခိုင်မင်းသျှင်က ပြောသည်။

မကြာမီ ကျောင်းဖွင့်ရာသီ ရောက်ရှိလာတော့မည်ဖြစ်သဖြင့်လည်း စာသင်ကျောင်းများတွင် နေထိုင်နေသည့် စစ်ဘေးရှောင်များမှာ နေထိုင်ရေးအခက်အခဲဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်အစိုးရမှ တည်ဆောက်ပေးထားသည့် စစ်ဘေးရှောင်စခန်း (၇)ခုမှာလည်း ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်စခန်းတစ်ခုတွင်သာ စစ်ဘေးရှောင် ၅၀၀ ကျော် လာရောက်နေထိုင်မှုရှိသေးပြီး ကျန်စခန်း များတွင် နေထိုင်သူမရှိသေးပေ။

လက်ရှိရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းငါးသောင်းကျော်မှာ နေရာ ၁၂၀ ကျော်တွင် အသီးသီးခိုလှုံနေထိုင်လျက်ရှိကြကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ စာရင်းအရသိရသည်။

Photo - Khin Saw Wai Facebook

{Unicode}












Photo - Khin Saw Wai Facebook

https://www.facebook.com/dmgnewsagency/photos/a.466679383484478/1685840391568365/?type=3&__tn__=-R

No comments:

Post a Comment