Wednesday, April 1, 2020

မြန်မာစစ်တပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ရခိုင် ဖဆပလခေါင်းဆောင် ဦးအောင်ဇံဝေ၏ နေအိမ် ပြိုကျ ပျက်စီး

မြန်မာစစ်တပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ရခိုင် ဖဆပလခေါင်းဆောင် ဦးအောင်ဇံဝေ၏ နေအိမ် ပြိုကျ ပျက်စီး

ဧပြီ ၁၊ ကျောက်တော်

ပြီးခဲ့သော ရက်များက ကျောက်တော်မြို့နယ်အတွင်း မြန်မာစစ်တပ်၏ လက်နက်ကြီးကျည်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများကြောင့် ရခိုင်ဖဆပလ ခေါင်းဆောင်ဟောင်း ဦးအောင်ဇံဝေ နေထိုင်ခဲ့သော အိမ်ဖြူကြီး ပြိုပျက်သွားခဲ့ရသည်။

ဦးအောင်ဇံဝေသည် စစ်ကြိုခေတ်တွင် ရခိုင်တိုင်းလုံးဆိုင်ရာတိုင်းရင်းသား အစည်းအရုံး(ရတတစ)ကို တည်ထောင်ခဲ့ပြီး ဂျပန်တော်လှန်ရေး ကာလတွင် ရခိုင်လူထုကို ကိုယ်စားပြုသော အဖွဲ့အစည်း ဖြစ်လာခဲ့သည်။ ဦးအောင်ဇံဝေ၏ ညီ ဦးညိုထွန်း ဦးဆောင်သော ရခိုင်ကာကွယ်ရေးတပ်သည် ဖက်ဆစ်ဂပန်ကို BIA ထက် စောစီးစွာ တော်လှန်အောင်မြင်ခဲ့သည်။ စစ်ကြီးပြီးသောအခါ ဖဆပလက ရတတစကို ဖျက်သိမ်းကာ ဖဆပလနှင့် ပူးပေါင်းရန် ဖိအားပေးလာခဲ့သည့်အတွက် ရတတစကို ဖျက်သိမ်းကာ ဦးအောင်ဇံဝေနှင့် ခေါင်းဆောင်အချို့ ဖဆပလသို့ ဝင်ရောက်ခဲ့ကြသည်။ ဤသို့ ဖဆပလ၏ ဖိအားပေးသိမ်းသွင်းမှုကြောင့် စစ်အတွင်းက ရရှိခဲ့သော ရခိုင်ပြည်တွင်း စည်းလုံးမှု ပျက်ပြားခဲ့ရသည်။

ဦးအောင်ဇံဝေသည် ဖဆပလ ကိုယ်စားလှယ်အဖြစ် ပင်လုံ ညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တက်ရောက်ခဲ့သူ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသောအခါတွင်လည်း အစည်းအဝေးခန်းအတွင်း ရှိနေခဲ့ပြီး ကံကောင်းလို့ အာဇာနည် မဖြစ်ခဲ့သူများအနက် တဦးဖြစ်သည်။ နောင်အခါ ဦးအောင်ဇံဝေက “ဖဆပလနှင့် ပူးပေါင်းမိခဲ့ခြင်းက အမျိုးသားညီညွတ်ရေးကို မဆောင်ကြဥ်းနိုင်ခဲ့ဘဲ ဗမာပြည်မ၏ နိုင်ငံရေးအကျိုးအမြတ်အတွက် ရခိုင်ပြည်တွင်းသို့ ဝင်ရောက်စွက်ဖက်ရေးကို တံခါးဖွင့်ပေးမိသလို ဖြစ်သွားခဲ့သည်”ဟု သူ၏ ကိုယ်ရေးမှတ်တမ်းတွင် ရေးသားခဲ့သည်။

၃ ထပ်တိုက်ဖြစ်သော အိမ်ဖြူကြီးကို ဦးအောင်ဇံဝေ၏ ဖခင်ဖြစ်သူ ဦးစံဖော်ဦးက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး သက်တမ်း ၁၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။ ရခိုင်နိုင်ငံရေး ခေတ်တခုကို ဖော်ပြသော အဆောက်အအုံ ဖြစ်သည်။ ယခုကဲ့သို့ မြန်မာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြိုပျက်သွားမှုသည်လည်း မြန်မာစစ်တပ်သည် ရခိုင်ပြည်သူများ၏ ဒြပ်ရှိ ဒြပ်မဲ့ အမွေအနှစ်များကို တန်ဖိုးမထားကြောင်း ပြသနေပါသည်။
https://www.facebook.com/asunion.tcom/posts/1768986589910949?__tn__=-R

No comments:

Post a Comment