‘ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားပြီ’ ခေါင်းစဉ်ဖြင့် AA အဖွဲ့နှင့် ဆက်သွယ်မေးမြန်းခဲ့သည့် Voice of Myanmar သတင်းဌာန (မန္တလေးအခြေစိုက်) မှ အယ်ဒီတာချုပ်အား အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်ဥပဒေ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ဖမ်းဆီး

VoM ရုံးခန်းသို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးနေသည်ကို မတ် ၃၁ ရက် နံနက်က တွေ့ရစဉ်
‘‘ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားပြီ’’ ခေါင်းစဉ်ဖြင့် AA အဖွဲ့နှင့် ဆက်သွယ် မေးမြန်းခဲ့သည့် Voice of Myanmar သတင်းဌာန (မန္တလေးအခြေစိုက်) မှ အယ်ဒီတာချုပ်အား အကြမ်းဖက်ဥပဒေ ပုဒ်မနှစ်ခုဖြင့် မတ် ၃၀ ရက်က အမှုဖွင့်ဖမ်း ဆီးခဲ့ကြောင်း သတင်းရရှိသည်။
မတ် ၃၀ ရက်ညက နေအိမ်သို့လာ ရောက်ဖမ်းဆီးခဲ့ပြီး ၃၁ ရက်နံနက်တွင် VoM ရုံးခန်းကို ဝင်ရောက်ရှာဖွေသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် ချုပ်နှောင်ခွင့်ရမန် တောင်းခံခဲ့ကြောင်း သိရသည်။
‘‘AA ခိုင်သုခရဲ့ အင်တာဗျူးကို ကျွန်တော်တို့ VoM အင်တာဗျူးတင်ခဲ့လို့ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံရတာပါ။ ငြိမ်းချမ်းရေးအတွက် ကျွန်တော်ရေးထားတာပါ။ ကျွန်တော့်သတင်းမှာ ကျင့်ဝတ်နဲ့အညီ ရေးထားတာပါ။ ဒါကို မီဒီယာကောင်စီလူကြီး တွေအနေနဲ့ စိစစ်ပြီး ကျွန်တော် ကျင့်ဝတ်ချိုး ဖောက်တယ်ဆိုရင် ကြိုက်တဲ့အပြစ် ကျွန် တော်ခံနိုင်ပါတယ်။ ခုလိုလုပ်ခြင်းဟာ ကျွန် တော်တို့ သတင်းလွတ်လပ်ခွင့်အတွက် အနှောင့်အယှက်ဖြစ်တာပေါ့’’ဟု Voice of Myanmar သတင်းဌာန၏ အယ်ဒီတာချုပ် နှင့် တည်ထောင်သူ ဦးနေမျိုးလင်းက ပြောကြားသည်။
Voice of Myanmar သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် တည်ထောင်သူဖြစ်သည့် ဦးနေမျိုးလင်းအား ၂၀၁၄ ခုနှစ် အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့ဖြင့် သတင်းရဲတပ်ဖွဲ့က တရားလိုပြု လုပ်ပြီး ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။
မတ် ၃၀ ရက်ည ၉ နာရီခန့်က Voice of Myanmar သတင်းဌာန၏ အယ်ဒီတာချုပ် ဦးနေမျိုးလင်းအား CID မှုခင်းရဲတပ်ဖွဲ့က လာရောက်ပြီး စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
‘‘အမှုဖြစ် အကြောင်းအရာကတော့ ၂၇ ရက် ၃ လမှာ Voice of Myanmar သတင်းဌာနမှာ ‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ရပ်တန့်သွားပြီ’’ ခေါင်းစဉ်နဲ့ AA အကြမ်း ဖက်သောင်းကျန်းသူရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ဆက်သွယ်ပြီးတော့ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်း၊ မြောက်ပိုင်းမဟာအဖွဲ့များက နေပြီးတော့ AA မပါဘဲ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်တဲ့ ဆွေးနွေးပွဲများကို တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ခြင်း၊ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ထုတ်လွှင့်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့နဲ့ ဖွင့် ထားတာကြောင့် ချုပ်မိန့်ရမန်လာတောင်းခံ ခဲ့ပါတယ်’’ဟု ချမ်းမြသာစည်မြို့နယ်တရားသူကြီး၊ တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ဆိုသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) သည် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းဒဏ်အထိ ချ မှတ်နိုင်ပြီး ပုဒ်မ ၅၂ (က) သည် ထောင်ဒဏ် သုံးနှစ်မှ ခုနစ်နှစ်အထိ ချမှတ်နိုင်ကြောင်း သိ ရသည်။
No comments:
Post a Comment