“ဝ” လက်နက်ကိုင်အဖွဲ့ ဌာနချုပ်တည်ရှိရာ ပန်ဆန်းအပါအဝင် “ဝ” ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်လေး ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရွေးကောက်ပွဲကော်မရှင်နှင့် UWSP ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေး

“ဝ” လက်နက်ကိုင်အဖွဲ့ (UWSA) ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့နယ်အပါအဝင် “ဝ” အဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်းရှိ မြို့နယ်လေးခုတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဦးဆောင်သော ကော်မရှင်အဖွဲ့ဝင်များနှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံ ဦးဆောင်သော UWSP ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပန်ဆန်းမြို့ရှိ ဗဟိုရုံးချုပ်တွင် တွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံရာတွင် “ဝ” အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်လေးခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြောင်း WSTV ၏ သတင်းဖော်ပြချက်အရ သိရသည်။
ယခင်က အစိုးရထိန်းချုပ်မှုအောက်ရှိ မြို့နယ်နှစ်ခုတွင်သာ ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း ယခုအခါ “ဝ” အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်လေးခုတွင်ပါ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည် ဟု UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ပြောသည်။
“မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း ၊ ပန်ဆန်းပေါ့နော်။ ကျွန်တော်တို့ UWSA ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ လေးမြို့နယ်ပေါ့။ အရင်တုန်းကတော့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ နှစ်မြို့နယ်ပေါ့။မက်မန်းရယ် ဟိုပန်မြို့နယ် နှစ်မြို့နယ်မှာတော့ ကျင်းပခဲ့တယ်”ဟု ဦးညီရန်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “ဝ” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းအတွင်းရှိ သတ်မှတ်ထားသော မြို့နယ်လေးခုတွင် ရွေးကောက်ပွဲ ကျင်းပသွားနိုင်ရေး၊ ရွေးကောက်ပွဲ ပါဝင်ခွင့်၊ ရွေးကောက်ပွဲကိုယ်စားလှယ် ရွေးချယ်ခွင့်နှင့် မဲပေးခွင့် စသည့် ကိစ္စရပ်များကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း WSTV ၏ သတင်းဖော် ပြချက်တွင် ပါရှိသည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ရှင်းလင်းပြောကြားမှုနှင့်ပတ်သက်၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း UWSP ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံက ပြန်လည်ပြောကြားခဲ့သည်ဟု WSTV က သတင်းဖော်ပြခဲ့ သည်။
ထို့ပြင် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် NLD ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့ လာရောက်လည်ပတ်နိုင်ရန် မျှော်လင့်ကြောင်းလည်း ဦးရှောက်မင်လျံက ပြေားကြားခဲ့ကြောင်း သိရသည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃၀) ပြည့် အကျိုးရလဒ်များနှင့် နောင် နှစ် (၃၀) အတွက် " (၁၀) နှစ် စီမံကိန်း" ၊ သွေးစည်းညီညွတ်ရေးပါတီ၏ ကြိုးစားအားထုတ်မှု ရည်ရွယ်ချက်၊ UWSP/UWSA ၏ နိုင်ငံရေးရပ်တည်ချက်များကိုလည်း ဦးရှောက်မင်လျံက ပြောကြားခဲ့သကဲ့သို့ သမိုင်းအစဉ် အလာကြောင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ လက်ရှိအခြေအနေနှင့် ကိုက်ညီမည့် အချက် ရှစ်ချက်ကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းထံ ဦးရှောက်မင်လျံက တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဗဟိုပေါလစ်ဗျူရိုကော်မတီဝင် ဗဟိုရုံးအုပ် ဦးလီကျူလျဲ့၊ ဗဟိုပေါလစ်ဗျူရိုကော်မတီဝင် နိုင်ငံရေးဌာနာ ဌာနမှူး ဦးရန်စိမ်းပင်း၊ UWSA ဒု စစ်ဦးမှူး အမှတ် (၁) စစ်ဆင်ရေးဒေသ ကွပ်ကဲရေးမှူး ဦးပေါက်အိုက်ပန်း၊ UWSA ဒု စစ်ဦးမှူး ဦးလီလောင်းအဲယ် စသည့် ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ ကြောင်း WSTV က သတင်းဖော်ပြခဲ့သည်။
၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်း မြို့နယ်၊ မက်မန်းမြို့နယ်၊ ပန်ဆန်းမြို့နယ် ခြောက်မြို့နယ်ကို ခရိုင်နှစ်ခုဖွဲ့၍ “ဝ” ကိုင်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ပြဋ္ဌာန်းထားသည်။
No comments:
Post a Comment