Sunday, March 1, 2020

မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာအနီး RCSS/ SSA အဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာအနီး RCSS/ SSA အဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း 
နေပြည်တော်၊ မတ် - ၁ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာ၏ အရှေ့တောင်ဘက်၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၈ နာရီခန့်နှင့် ညနေ ၄ နာရီခန့်တို့တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် RCSS/ SSA အဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ RCSS/ SSAအဖွဲ့အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) သို့ အကြောင်း ကြားစာပေးပို့ခြင်း၊ မီဒီယာများမှတစ်ဆင့် မဟုတ်မမှန် သတင်းများ ပြောကြားခြင်းများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် နယ်မြေသည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ လနှင့် မေလတို့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် RCSS/ SSA အဖွဲ့တို့ သဘောတူထားသည့် နယ်မြေများဖြစ်သော ဟိုမိန်းနှင့် မုံးထနယ်မြေ၏ မြောက်ဘက် ၂၀၀ ကီလိုမီတာခန့်ကျော်လွန်ရောက်ရှိနေကြောင်း တွေ့ရှိရသည်။ ထို့ပြင် ယခုထိတွေ့မှု များဖြစ်ပွားခဲ့သည့် နယ်မြေ၌ မူးယစ်ဆေးဝါး သတင်းများ ရရှိသဖြင့် တပ်မတော်စစ်ကြောင်း များက ဝင်ရောက်၍ နယ်မြေလုံခြံုရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် ခိုလမ်မြို့ရှိ RCSS/ SSA အဖွဲ့ ဆက်ဆံရေးတာဝန်ခံ စိုင်းအောင်မိန်းထံသို့ နယ်မြေခံစစ်ဘက်ရေးရာ လုံခြံုရေးတပ်မှ တပ်မှူးကိုယ်တိုင် အသိပေး အကြောင်းကြားခဲ့သည်။ ထိုသို့ အသိပေး အကြောင်းကြားရာ၌ အဆိုပါနယ်မြေအတွင်း RCSS/ SSA အဖွဲ့မှတပ်များ နယ်မြေကျော်လွန် ရောက်ရှိနေပါက အချိန်မီထွက်ခွာနိုင်ရေးကိုပါ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရသည်။ 

 ထိုသို့ အကြောင်းကြားပြီးနောက် တပ်မတော်အနေဖြင့် NCA လက်မှတ်ရေးထိုးထား သော RCSS/ SSA အဖွဲ့အား အကြောင်းကြားချက်အပေါ် အချိန်မီလိုက်နာ ဆောင်ရွက် နိုင်ရေးအတွက် ၅ ရက်ခန့်အချိန်ပေးပြီးမှသာ တပ်မတော်စစ်ကြောင်းများအား စနစ်တကျ စုဖွဲ့ပြီး မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအတွက် နယ်မြေစိုးမိုးရေး ဆောင်ရွက်မှုကို စတင်ဆောင်ရွက်ခဲ့သည်။ တပ်မတော်အနေဖြင့် မိမိတို့၏ ကြိုတင် အကြောင်းကြားချက် အပေါ် RCSS/ SSA အဖွဲ့မှ လိုက်နာဆောင်ရွက်သွားမည်ဟု ယုံကြည်သည့်အတွက် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၎င်းတို့အဖွဲ့က တပ်မတော် စစ်ကြောင်းများကို စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာများ ရရှိခဲ့သည်။ 

 ထို့ကြောင့် တပ်မတော်အနေဖြင့် RCSS/ SSA အဖွဲ့ နယ်မြေကျော်လွန် ဝင်ရောက် လျက်ရှိသော နယ်မြေများအား နယ်မြေလုံခြုံရေးနှင့်စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာ၏ မြောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာတွင် ၎င်းတို့ နယ်မြေကျော်လွန် ယာယီအခြေပြုထားသော ပွိုင့်(၁၇၆၀) စခန်းကုန်းအား ယနေ့နံနက်ပိုင်းတွင် လည်းကောင်း၊ အဆိုပါစခန်းကုန်း၏ မြောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ ပွိုင့်(၁၇၈၁) စခန်းကုန်းနှင့် အနီးဝန်းကျင်သို့ နေ့လည်ပိုင်းတွင် လည်းကောင်း ရောက်ရှိခဲ့ပြီး ၎င်းနေရာများတွင် သစ်လုံးဘန်ကာ ၁၉ လုံး၊ ပစ်ကျင်း ၈၇ ကျင်း၊ လူနေတဲများ၊ ဆက်သွယ်ရေးမြောင်းများနှင့် ညှောင့်ကျင်းများအား တွေ့ရှိရသည်။ အထက်ပါဖြစ်စဉ်များတွင် RCSS/ SSA အဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့များနှင့် သဘောတူညီထားသော သဘောတူညီချက်များကို ချိုးဖောက်သည့်အပြင် NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ (Code of Conduct) အခန်း ၃ ပါ ပြဋ္ဌာန်းချက်များအား ချိုးဖောက်ခဲ့သည်ကို တွေ့ရှိရသည်။ RCSS/ SSA အဖွဲ့၏ ဆောင်ရွက် ချက်များသည် ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ် ထိခိုက်စေသည့် အပြုအမူများ ဖြစ်ကြောင်းနှင့် RCSS/ SSA အဖွဲ့အနေဖြင့် သဘောတူညီချက်ပါ သတ်မှတ်သည့် နေရာများတွင်သာ နေထိုင်ရန် လိုအပ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment