Monday, March 2, 2020

တိုက်ပွဲများ ရှိနေသော်လည်း NCA အတိုင်း ဆက်သွားမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

တိုက်ပွဲများ ရှိနေသော်လည်း NCA အတိုင်း ဆက်သွားမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၂ ရက်နေ့၊ ၂၀၂၀ ခုနှစ်။
ပစ်ခတ်တိုက်ခိုက်မှုများ ရှိသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း ညှိနှိုင်း အဖြေရှာသွားမည် ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။
ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ၉ ကြိမ်မြောက် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ” NCA လက်မှတ်ရေးထားတဲ့ အဖွဲ့အချို့နဲ့ တပ်မတော်အကြားမှာ မတော်တဆ ထိတွေ့ ပစ်ခတ်မှုလေးတွေ ရှိပါတယ်၊ ဒါတွေကို NCA အတိုင်း ဆွေးနွေးညှိနှိုင်းခြင်းနဲ့ ဆွေးနွေးအဖြေရှာ သွားမှာ ဖြစ်ပါတယ်။ ” ဟု ထည့်သွင်း ပြောဆိုသွားသည်။
NCA လက်မှတ်ရေးထိုးထားသည့် ကရင့်အမျိုးသား အစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တပ်ဖွဲ့များနှင့် အစိုးရ တပ်မတော်တို့အကြား မကြာသေးမီက တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
တဆက်တည်းမှာပင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ” ပြဿနာ အသေးအမွှား ၊ နားလည်မှု လွဲခြင်းတွေကြောင့် လက်ရှိ ချောမွေ့စွာ ရှေ့သို့ တဖြည်းဖြည်းချင်း ချီတက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထိအခိုက် အပွန်းအပဲ့ မခံစေရပါဘူး၊ မိမိတို့ဟာ NCA ပူးတွဲပိုင်ရှင်တွေဖြစ်လို့ NCA အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမယ်။” ဟု ပြောဆိုသွားခဲ့သည်။
မတ်လ ၃ ရက်နေ့အထိ ကျင်းပမည့် ယခု အစည်းအဝေးတွင် ၈ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM မှ သဘောတူညီချက် ၈ ချက် ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများအတွက် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများမှ ရရှိလာသော ရလာဒ်များကို အဓိက ဆွေးနွေးသွားရန် ရှိသည်ဟုလည်း သိရသည်။
ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေး ကြိုတင်ပြင်ဆင်ထားမှုကိစ္စ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အစည်းအဝေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။
အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင်လည်း မျက်စိဖွင့်နာစွင့်ထားကြရန် ဗိုလ်ချုပ်ကြီး ယွက်စစ် က ” လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး အခြေအနေ တို့နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးပမ်း ချမှတ်ဖို့ လိုအပ်ပါတယ်၊ လက်ရှိ လွှတ်တော်အတွင်းမှာ ဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ကိုလည်း နားစွင့်ထားဖို့ လိုအပ်ပါတယ်။” ဟု သတိပေး ပြောဆိုသွားခဲ့သည်။
ဒီကနေ့ စတင်ကျင်းပတဲ့ PPST အစည်းအဝေးကိုတော့ NCA လက်မှတ်ရေးထိုးထားကြသည့် ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ် မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့များမှ ခေါင်းဆောင်ကိုယ်စားလှယ် ၅၀ ခန့် တက်ရောက်နေကြသည်။

No comments:

Post a Comment