IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ချောင်းဆိုးခြင်း၊ ဖျားနာခြင်း လက္ခဏာများ တွေ့ရှိပါက ချက်ချင်းသတင်းပို့ရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

IDP စခန်းများတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းစီမံချက်ရေးဆွဲ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးစဉ်
ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရေးစခန်း (IDP) များတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ချောင်းဆိုးခြင်း၊ ဖျားနာခြင်း လက္ခဏာများ တွေ့ရှိပါက ချက်ချင်းသတင်းပို့ရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ပြည်တွင်းနေရပ် စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး အတွက် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းကို မတ် ၂၄ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ စာရင်းများအရ မြန်မာနိုင်ငံအတွင်း ကချင်၊ ကရင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် မြို့နယ်ပေါင်း ၂၄ မြို့ နယ်၌ စခန်းစုစုပေါင်း ၁၂၈ ခု၊ စခန်းနေ ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၁၈၄၃၃၃ ဦး ရှိပါကြောင်း၊ ထိုသူများအတွက် စီမံချက်ရေးဆွဲရာတွင် စခန်းနေသူများသာမက စခန်းစီမံ ခန့်ခွဲသူများကိုပါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးနိုင်ရန် အရေးကြီးကြောင်း၊ IDP စခန်းများသို့ ကူညီထောက်ပံ့မှု လုပ်ငန်းများအတွက် လာရောက်သော ပြည်တွင်းပြည်ပ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် IDP စခန်းနေသူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 နှင့် ပတ်သက်သည့် လိုက်နာရမည့် အချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
စခန်းများတွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး အသုံးအဆောင်များဖြစ်သည့် သန့်ရှင်းသည့် ရေ၊ ရေပုံး၊ ရေဇလုံ၊ ရေခွက်များ၊ ဆပ်ပြာခဲ၊ ဆပ်ပြာဆီများ၊ လက်ဆေးရန်နေရာများ စီမံထားရှိပေးခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ပေးခြင်း၊ စခန်းတွင်း နေထိုင်သူများတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ ဖြစ်ပွားပါက အသုံးပြုနိုင်ရန် နှာခေါင်းစည်းများ ကြိုတင်စုဆောင်းထားခြင်း၊ ၎င်းတို့ကို (လိုအပ်ပါက) အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရန် သီးခြားထားရှိခြင်း (Quarantine) အဆောက်အအုံများ စီစဉ်ထားခြင်းနှင့် လိုအပ်သည့် နေထိုင်စားသောက်ရေး ကိစ္စရပ်များကို ပြင်ဆင်ထားခြင်း၊ ၎င်းတို့အနေဖြင့် (Quarantine) နေထိုင်စဉ်အတွင်း လိုအပ်သည့် ကျန်းမာရေး စောင့်ကြည့်ကြီးကြပ်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ထမ်းများ စီစဉ်ထားရှိခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း စသည့်လက္ခဏာများ တွေ့ရှိပါက အနီးဆုံး ကျန်းမာရေးဌာနများသို့ ချက်ချင်း သတင်းပို့ခြင်းနှင့် ညွှန်ကြားချက်၊ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
No comments:
Post a Comment