ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာန (၂) ခု၏ အွန်လိုင်းစာမျက်နှာအပိတ်ခံရမှု ပြန်ဖွင့်ပေးရန် BNI တောင်းဆို
BY ADMIN ON MARCH 30, 2020HEADLINE
ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာန (၂) ခု၏ အွန်လိုင်းစာမျက်နှာများကို ဆက်သွယ်ရေးအင်တာနက်လိုင်းမှတဆင့် ဖတ်ရှု၍မရအောင် ပိတ်ပင်ခံရမှုသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုင်ခွင့် (Freedom of Expression) ကို ချိူးဖောက်ရာရောက်ပြီး အမြန်ဆုံးပြန်ဖွင့်ပေးရန် (Burma News International – BNI) ကတောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်အခြေစိုက် နိရဥ္ဇရာသတင်းဌာနနှင့် Development Media Group (DMG) သတင်းဌာနတို့၏ အွန်လိုင်း (Website) သတင်းစာမျက်နှာသည် မတ်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့များမှစ၍ ဆက်သွယ်ရေး အော်ပရေတာနှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် Mytel ဖုန်းအင်တာနက်လိုင်းများမှ ဝင်ရောက်ဖတ်ရှု၍မရတော့ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ (BNI) ၏ မူဝါဒရေးရာကော်မတီ ဥက္ကဌ နန်းဖော့ဂေက “ဒီအချိန်ဟာ သတင်းမီဒီယာတွေ ပြည်သူထံ သတင်းမှန်ပေးပို့နိုင်ရေးဟာ အရေးကြီးဆုံးအချိန် ဖြစ်နေပါတယ်၊ ဒီမိုကရေစီနိုင်ငံကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ချီတက်နေတဲ့ ကျမတို့နိုင်ငံမှာလည်း စစ်ရေးပဋိပက္ခအခြေအနေတွေနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ Covid-19 ကမ္ဘာ့ကူးစက်ရောဂါဆိုင်ရာ သတင်းတွေကို ကျင့်ဝတ်နဲ့အညီ သတင်းထုတ်လုပ်နေတဲ့ အထူးသဖြင့် ပြည်နယ်အခြေစိုက်မီဒီယာတွေကို ပိတ်ပင်လိုက်ခြင်းဟာ လူထုပရိသတ်တွေကို သတင်းအမှောင်ချရာရောက်သလို အစိုးရက Freedom of Expression ကို ချိုးဖောက်ရာရောက်နေပါတယ်’’ ဟု ပြောသည်။
ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) အတွက် အရေးပေါ် ကာကွယ်၊ စောင့်ကြည့်၊ ကုသမှုများကို နိုင်ငံအသီးသီးတွင် စီမံချက်ဖြင့် အထူးသတိပြုဆောင်ရွက်နေကြပေရာ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးများနှင့် ပြည်နယ်ဒေသများရှိ တိုင်းရင်းသားသတင်းဌာနများ၏ ပြည်သူများထံ သတင်းအချက်အလက်မှန်များကို အချိန်မှီရေးသားပေးပို့ဖော်ပြမှုများမှာ လွန်စွာအရေးကြီးနေချိန်ဖြစ်သည်ဟု BNI ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အလားတူ ကရင်ပြည်နယ်အခြေစိုက် ကရင်သတင်းဌာန (KIC) ၏ Karen News အင်္ဂလိပ်ပိုင်း သတင်းစာမျက်နှာကိုလည်း MPT ဖုန်းအင်တာနက်ဖြင့် မတ်လ ၂၆ ရက်နေ့မှစ၍ ကြည့်ရှု၍မရတော့ကြောင်း BNI ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုလက်ရှိတွင် Development Media Group (DMG) ၏ အွန်လိုင်း (Website) သတင်းစာမျက်နှာသည် ပြန်လည်ကြည့်ရှု၍ရပြီဟုသိရပြီး နိရဥ္ဇရာသတင်းဌာန၏ အွန်းလိုင်း (Website) သည် ကြည့်ရှု၍မရသေးပေ။
နိရဥ္ဇရာသတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ကိုခိုင်မြတ်ကျော်က “MPT နဲ့ Mytel အင်တာနက်သုံးပြီးပဲဝင်လို့မရတာ၊ တခြားဟာနဲ့ဆိုရင်ရတယ်၊ ဆက်သွယ်ရေးဝန်ကြီးဌာနက အကောင့်နဲ့ ဝက်ဘ်ဆိုက် ၂၀၀ ကျော်လောက်ကို ပိတ်တယ်လို့ပြောတယ်၊ သူတို့က သတင်းဌာနအကြောင်းတွေကိုသိပ်မသိပဲနဲ့ အဲဒီမှာ ရခိုင်က ကျွန်တော်တို့နဲ့ DMG တို့ ပါသွားတာပေါ့၊ တခြားကဆိုရင် KIC လည်းပါတယ်၊ အခုထိတော့ ကျွန်တော်တို့ဘက်က ဆက်သွယ်တာတွေမလုပ်သေးပါဘူး၊ ဘယ်လိုဖြစ်လာမလဲဆိုတာ အခြေအနေစောင့်ကြည့်နေတယ်၊ ဒါက သတင်းတွေအမှောင်ချဖို့ကြိုးစားတာပဲလို့ ပြေ ာချင်ပါတယ်၊ လူထုတွေဆီကို သတင်းအမှန်မရောက်ဖို့၊ ရခိုင်ပြည်မှာဘာဖြစ်နေတယ် စတဲ့သတင်းအမှောင်ချတဲ့ပုံစံမျိုးဖြစ်နေတယ်” ဟုပြောပါသည်။
Development Media Group (DMG) နှင့် နိရဥ္ဇရာသတင်းဌာသည် ရခိုင်ပြည်နယ်တွင်ဖြစ်ပျက်နေသည့် သတင်းများကို အဓိကရေးသားတင်ဆက်သည့် သတင်းဌာနဖြစ်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲသတင်း၊ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည်များသတင်းကို ယခုရက်ပိုင်းအတွင်း စဉ်ဆက်မပြတ် ရေးသားတင်ဆက်နေသည့် သတင်းဌာများဖြစ်သည်။
အရပ်သားအစိုးရတစ်ရပ်ဖြစ်သည့် NLD အစိုးရအနေဖြင့် လက်ရှိဖြစ်ပျက်နေသော သတင်းဌာနများအပေါ် ဆက်သွယ်ရေးအော်ပရေတာများက ဝက်ဘ်ဆိုက်စာမျက်နှာများကို ပိတ်ပင်မှုနှင့် ရခိုင်၊ ချင်းပြည်နယ်များတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန်နှင့် လွတ်လပ်စွာ သတင်းရယူခွင့်၊ ထုတ်ဖော်ရေးသားခွင့်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) အနေဖြင့် ကူညီဆောင်ရွက်ပေးသွားစေလိုကြောင်း တိုက်တွန်းသည်ဟု BNI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Burma News International – BNI ကို မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသများဖြစ်သော မြန်မာ-ဘင်္ဂလားဒေရှ့်၊ မြန်မာ-အိန္ဒိယနယ်စပ်များတွင် အခြေပြုသည့် မီဒီယာအဖွဲ့အစည်းလေးခု Mizzima News, Narinjara News, Kaladan Press Network နှင့် Khonumthung News တို့မှ ၂၀၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ကလကတ္တားမြို့တွင် စတင်တည်ထောင်ခဲ့ကြပြီး ယခုလက်ရှိတွင် အဖွဲ့ဝင်တိုင်းရင်းမီဒီယာစုစုပေါင်း (၁၆) ဖွဲ့ရှိပြီဖြစ်သည်။
https://khonumthung.org/?p=8618
No comments:
Post a Comment