မောင်တောမြို့နယ်၊ ခမောင်းဆိပ်- အောင်ဇူ ကားလမ်းဘေး၌ မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူနှစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရရှိ
နေပြည်တော် မတ် ၃၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာနှင့် မင်္ဂလာညွန့်ကျေးရွာနေ ဒိုင်းနက်လူမျိုး ရွာသား ၁၂ ဦးသည် ယနေ့နံနက် ၈ နာရီခန့်တွင် အမဲလိုက်ရန် ခမောင်းဆိပ်ကျေးရွာမှ မော်တော်ဆိုင်ကယ်လေးစီးဖြင့် ထွက်ခွာခဲ့ရာ ခမောင်းဆိပ်-အောင်ဇူကားလမ်းဘေး၌ မော်တော်ဆိုင်ကယ်များကိုရပ်တန့်၍ လမ်းလျှောက်သွားစဉ် လှိုင်သီချောင်း တံတားနှင့် ပေ ၂၀ ခန့်အကွာသို့အရောက်၌ မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရွာသားနှစ်ဦးသေဆုံးပြီး သုံးဦးမိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
၎င်းမိုင်းထိလူနာများသည် ခမောင်းဆိပ်ကျေးရွာရှိ နယ်မြေခံတပ်သို့ရောက်ရှိလာရာ တပ်မတော်သားများက လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူ စေခဲ့သည်။ အဆိုပါ နေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုင်း ပေါက်ကွဲသည့် နေရာတစ်ဝိုက်၌ အကျယ် ၁၀ ပေ၊ အနက် ၈ ပေခန့်ရှိ ကျင်းတစ်ကျင်း၊ အရှည်ပေ ၅၀ ခန့်ရှိ ဝိုင်ယာ ကြိုး တစ်ချောင်း၊ တံတားအောက်မှ ကျည်ခွံ သုံးခု၊ ကျည်တစ်တောင့်နှင့် မီးလောင်ထားသော ဆိုင်ကယ် လေးစီး တို့ကို တွေ့ရှိရပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment