Wednesday, March 25, 2020

ပလက်ဝတွင် စစ်ရေးအရအခြေချမှုအပေါ် ဖိနှိပ်ခံပြည်သူအချင်းချင်း နားလည်နိုင်မည်ဟုယုံကြည်ကြောင်း ဦးခိုင်သုခပြေ

ပလက်ဝတွင် စစ်ရေးအရအခြေချမှုအပေါ် ဖိနှိပ်ခံပြည်သူအချင်းချင်း နားလည်နိုင်မည်ဟုယုံကြည်ကြောင်း ဦးခိုင်သုခပြော
BY ADMIN ON MARCH 25, 2020HEADLINE
#Zawgyi

ချင်းနှင့် ရခိုင်လူမျိူးများသည် အဖိနှိပ်ခံပြည်သူအချင်းချင်းဖြစ်သည့်အတွက် စစ်ရေးအရ အချက်အချာကျသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အခြေချလှုပ်ရှားမှုများကို ချင်းလူမျိူးများအနေဖြင့် နားလည်ပြီးသားဖြစ်မည်ဟု ယုံကြည်ကြောင်း ရက္ခိုင့်တပ်တော် (AA)  ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြားဖြစ်ပွားသော စစ်ရေးပဋိက္ခသည် ချင်းအမျိူးသားများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုများရှိနေခြင်းကြောင့် ချင်းအမျိူးသားပိုင်နက်နယ်မြေအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန်နှင့် AA တပ်ဖွဲ့အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းလူမျိူးများနေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုလုပ်ရန် အလေးအနက်တောင်းဆိုသည်ဟု မတ်လ (၂၀) ရက်နေ့က ချင်းအမျိူးသားတပ်ဦး  (CNF) ၏ သတ္တမအကြိမ်မြောက်ညီလာခံက တောင်းဆိုလိုက်သည့်ကိစ္စအပေါ် ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထိုကဲ့သို့ တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးခိုင်သုခက “ဒီဟာကတော့ တဖက်နဲ့တဖက် ကျနော်တို့တွေ ရန်သူနဲ့တိုက်ခိုက်နေတဲ့အချိန်မှာ စစ်ရေးအရ အချက်အချာကျတဲ့ နေရာတွေကို နေရာယူပြီး တိုက်ခိုက်ကြတာကတော့ စစ်ရဲ့သဘောသဘာဝဖြစ်ပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ချင်းညီအကိုတွေအနေနဲ့လည်းပဲ ရန်သူစစ်စစ်ကို သူတို့လည်းသိနေတယ်လို့ ကျနော်တို့ယူဆတယ်၊ ဘာကြောင့်လဲဆိုရင် ချင်းကလည်း အဖိနှိပ်ခံလူမျိူးဖြစ်တယ်၊ ကျနော်တို့ ရခိုင်တွေကလည်း အဖိနှိပ်ခံလူမျိူးတွေဖြစ်တယ်၊ အဖိနှိပ်ခံအချင်းအချင်းကြားမှာ ချင်းတွေဘက်ကလည်း နားလည်ပြီးသားဖြစ်လိမ့်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းသို့ AA တပ်ဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက စတင်အခြေချလာခဲ့ကြပြီး ၂၀၁၈ နှစ်ကုန်ပိုင်းကစ၍ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများပိုမိုပြင်းထန်လာရာမှ ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေကြဆဲဖြစ်သည်။

အစိုးရနှင့် ချင်းအမျိူးသားတပ်ဦး (CNF) အကြားချူပ်ဆိုထားသော ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် ပမာဏ အပစ်အခတ်ရပ်စဲရေးသဘောတူစာချူပ် (Bilateral) တွင် ချင်းပြည်နယ်အတွင်း ချင်းအမျိူးသားတပ်ဦး (CNF) နှင့် တပ်မတော်တို့သာ အခြေစိုက်ခွင့်ရှိပြီး အခြားသော မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ အခြေစိုက်လှုပ်ရှားခွင့်မရှိကြောင်း ပါရှိသည်။

ထို့ကြောင့် AA တပ်ဖွဲ့အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းလူမျိူးများ နေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုရန် ချင်းအမျိူးသားတပ်ဦးက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ခူမီးချင်းမျိူးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ညှိနှိုင်းရေးမှူး ဦးစောမြက “ဖိနှိပ်ခံချင်းအတူတူဆိုတာက သူပြောစရာမလိုဘူးလေ၊ ကျနော်တို့ချင်းတိုင်းရင်းသားတွေက အဖိနှိပ်ခံရသလား၊ မခံရဘူးလားဆိုတာ ကျနော်တို့ဆုံးဖြတ်ရမယ့်ကိစ္စပဲ၊ အဲဒါသူပြောစရာမလိုဘူး၊ CNF ကနေ နှစ်တိုင်း သူတို့ (AA) ကို စစ်ရေးလှုပ်ရှားမှုမလုပ်ဖို့ ပြောလာတာ (၄/၅) နှစ်ရှိပြီ၊ အဲဒါ သူတို့ဘာတုန့်ပြန်သလဲဆိုတော့ ဒီကို မဟာဗျူဟာအရ အရေးပါလို့ပဲနေတယ်တဲ့၊ သူတို့ဖက်က နည်းနည်းတော့ ကျနော်တို့ကိုဂရုမစိုက်တာပဲလေ၊  တကယ်လို့ ကျနော်တို့ဆီကို စစ်ရေးအရလုပ်ရှားမယ်၊ ဘာညာနေမယ်ဆိုရင် သူတို့တော်လှန်ရေးစကတည်းက ကျနော်တို့လူကြီးတွေနဲ့ ပြောတာဆိုတာရှိထားသင့်တယ်’’ ဟု ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် AA အကြား တိုက်ပွဲပိုမိုပြင်းထန်လာပြီး တပ်မတော်ဘက်မှ လေကြောင်းအသုံးပြုလာသည့်အတွက် ပြီးခဲ့သည့် မတ်လ (၁၄) နှင့် (၁၅) ရက်နေ့က ကျေးရွာ (၅) ရွာတွင် ဗုံးကြဲတိုက်ခိုက်ကြောင့် အရပ်သားပြည်သူူ ၂၁ ဦးသေဆုံးကာ ၂၈ ဦးဒဏ်ရာရှိခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးခိုင်သုခက “အဲဒီမှာချင်းလူမျိုးတွေ သေကြေဒဏ်ရာရမှုတွေဖြစ်တယ်ဆိုတာ ကျနော်တို့ဘက်ကပစ်တာမဟုတ်ဘူး၊ ဗမာစစ်တပ်ကလေကြောင်းကနေပြီး လာပြီးတော့တိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ အဲဒါတွေကနေပြီးတော့ ချင်းလူမျိုးတွေ သေကြေဒဏ်ရာရကြတာ ပြောရမယ်ဆိုလို့ရှိရင် ဗမာစစ်တပ်ဟာ စစ်ဖြစ်နေတဲ့နေရာတွေမှာ အရပ်သားတွေကို ဦးတည်ပြီးတော့မှ သူတို့မတရားပစ်ခတ်နေတာဖြစ်တယ်၊ အဲလိုမျိုး ဘာမှှအပြစ်မရှိတဲ့ ဒေသခံတွေကို ဦးတည်ပြီးတော့တိုက်ခိုက်တယ်ဆိုတာ စစ်ရာဇာဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်တယ်” ဟုပြောသည်။

အဆိုပါလေကြောင်းအသုံးပြုတိုက်ခိုက်မှုများကြောင့် ပလက်ဝမြို့ – ဆမီးမြို့အကြားတွင်တည်ရှိသည့် ကျေးရွာများမှ  ထောင်နှင့်ချီသော ဒေသခံပြည်သူများ ကျေးရွာတွင်မနေရဲ့တော့ဘဲ ဆမီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။
https://khonumthung.org/?p=8604

No comments:

Post a Comment