မောင်တောနဲ့ မင်းပြားမြို့နယ်တွေမှာ မနေ့က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိပါတယ်။ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေလည်း ပြင်းထန်နေသေးတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေလည်း တိုးလာနေပါတယ်။ ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေဖြစ်နေတဲ့ နောက်ဆုံးအခြေအနေကို ကိုသက်နိုင်သတင်းပေးပို့ထားပါတယ်။
ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ် ခမောင်ဆိပ်ကျေးရွာအနီးမှာ မနေ့က မနက်ပိုင်းက တောဝက်သွားရှာတဲ့ ခမောင်းဆိပ်ဒေသခံတွေ မိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် နှစ် ဦး သေဆုံးပြီး သုံးဦး ဒဏ်ပြင်းထန်ခဲ့တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
"ဟုတ်တယ်ဗျာ။ မောင်တောမြို့ အထက်ဘက် မြောက်ပိုင်း ခမောင်းဆိပ်မှာ နှစ်ယောက်သေ သွားတယ်၊ သုံး ယောက် ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ တောဝက်သွားရှာတဲ့ တိုင်းရင်းသားတွေ စုပြီးသွားကြတာ ဗိုင်းကွဲတယ်၊ သေနတ်နဲ့လည်း အပစ်ခံရတယ်လို့ ကြားတယ်။ ဘယ်သူ ပစ်တယ်ဆိုတာကတော့ ပြောလို့တော့ မရဘူး တပ်ကတော့ လိုက်ရှင်းတာပဲ။ အခုဒီဘက်မှာ ARSA သတင်းတွေ ပေါ်နေတော့ သူတို့တွေ ဖြစ်ဖို့များတယ်။ ခမောင်း ဆိပ်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။"
မနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့သူတွေဟာ ARSA အဖွဲ့ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကတောထုတ်ပြန်ထား တာရှိပါတယ်။
ဒါအပြင့် မင်းပြားမြို့နယ် မေလွန်းကျေးရွာမှာလည်း မနေ့က ညနေပိုင်းလောက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မေလွန်းဒေသခံ တဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ကိုအမ်းသားကြီးက ပြောပါတယ်။
"အဲဒီမေလွန်းရွာနားမှာ လေယာဉ်က ဗုံး ခြောက်လုံး ချတယ်လို့ ပြောတယ်။ ရွာရဲ့ အနောက်ဘက်ကမ်းက သုံးလုံး အရှေ့ဘက်ကမ်းက သုံးလုံး ချတယ်။ အဲဒီမှာ မေလွန်းရွာက အသက် ၂၆ နှစ် လူငယ် တဦးသေသွားတယ်။ ထမင်း စားနေရင်း သေသွားတာ ဒဏ်ရာရတဲ့ နှစ်ယောက်ကတော့ သူ့ရဲ့ အဖေနဲ့ အမေ သူတို့နှစ်ယောက်ရဲ့ ဒဏ်ရာကလည်း သိပ်ကြီးကြီးမားမား မဟုတ်ဘူး။ နောက်ပြီးတော့ မင်ပြားမြို့နယ်ထဲက ချင်းကျေးရွာမှာ ချင်းတိုင်း ရင်းသား တဦးလည်း လေယာဉ်နဲ့ ဗုံကြဲတာကြောင့် သေသွားတယ်။ အခုသူ့ကို မင်းပြားဆေးရုံကို ယူလာဖို့ လုပ်နေကြတယ်။"
မင်းပြားပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး တပ်မတော်တာဝန်ရှိသူတွေကို VOA က ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိပါဘူး။
ရခိုင်မြောက်ပိုင်းမှာ တပ်မတောဘက်က လူအင်အား လက်နက်အင်အားတွေ တိုးမြင့်နေတာတွေကြောင့် တိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာနိုင်တယ်လို့ AA အဖွဲ့ဘက်က ပြောဆိုထားပါတယ်။
No comments:
Post a Comment