Sunday, March 1, 2020

တပ်မတော်ရဟတ်ယာဉ်ပစ်ခတ်မှုနှင့် လက်နက်ကြီးကျည်ကျမှုကြောင့် ကျောက်တန်းရွာ မီးလောင်ပြီး တိုက်ပွဲဖြစ်နေ

တပ်မတော်ရဟတ်ယာဉ်ပစ်ခတ်မှုနှင့် လက်နက်ကြီးကျည်ကျမှုကြောင့် ကျောက်တန်းရွာ မီးလောင်ပြီး တိုက်ပွဲဖြစ်နေ
ရန်ကုန်၊ မတ် ၁
ရခိုင်ပြည်နယ်၊ ရသ့တောင်မြို့နယ်အတွင်းရှိ ကျောက်တန်းရွာတွင် တပ်မတော် ရဟတ်ယာဉ်၏ ပစ်ခတ်မှုနှင့် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် မီးလောင်နေကြောင်း ရသေ့တောင်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ပြီး ရသေ့တောင်မြို့နယ် အနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီးကျည်များဖြင့် တပ်မတော်က တစ်လျှောက်လုံး တောင်တန်းများနှင့် တောများထဲသို့ ပစ်ခတ်နေကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျောက်တန်းရွာတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း၊ ရဟတ်ယာဉ် ၂ စီးဖြင့်လည်း ယနေ့ ညနေပိုင်းတွင် တပ်မတော်က တိုက်ခိုက်မှုရှိကြောင်း ဦးခင်မောင်လတ်က ဆိုသည်။
"အဲဒီဂွင်ထဲမှာ ဖြစ်တာက ၃ ရက်ရှိပြီ။ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၈ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်တယ် ။ မိနစ် ၂၀ လောက်။ တိုက်ပွဲဖြစ်ပြီးတော့ အဲဒီနားက တောတွေ တောင်တွေကို အမြှောက်ကြီးတွေနဲ့ ပစ်တယ်။ ရေဆိုးချောင်းဗျူဟာကုန်းကလည်း ပစ်တယ်။ ရသေ့တောင်မြို့အထိုင်တပ်ရင်း တွေကလည်း ပစ်တယ်။ အဓိက ရေဆိုးချောင်းနဲ့ ကျောက်ရင်ရွာ တစ်ဝိုက်က တောင်ကုန်းကလေးတွေက ပစ်တာ။ ၂၉ ရက်နေ့ကျတော့ လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ အဲဒီရွာတွေဘက်မှာ ကျတယ်။ ည ၉ နာရီလောက်ထိ နေဗီက ပစ်တာရှိတယ်။ လက်နက်ငယ်တွေလည်း ပစ်တာပဲ။ ရွာပြင်မှာ ကျည်တွေကျတယ်။ ဒီနေ့ကျတော့ တစ်နေကုန် ပစ်တယ်။ ရဟတ်ယာဉ် ၂ စင်းလာတာက ၅ နာရီလောက်မှာ။ အဲဒီတောင်တန်းတွေကိုပဲ ပစ်တာ။ အခုတော့ တောင်ဘက်ရွှေ့လာတယ် ကျောက်တန်းရွာ အနီးအနား တောင်တန်းတွေကို ပစ်တာ။ အဲဒါ ၅ နာရီကနေ ၅ နာရီ ၂၀ လောက်အထိ ပစ်တယ်။ ၅ နာရီခွဲကျတော့ တိုက်ပွဲဖြစ်တယ်။ စောစောပိုင်းကအထိ တိုက်နေကြတုန်း။ ကျောက်တန်းရွာပေါ်လည်း လက်နက်ကြီးတွေနဲ့ ရဟတ်ယာဉ်က ပစ်တဲ့ကျည်တွေ ကျလို့ မီးလောင်နေတယ်။ လက်နက်ကြီးကတော့ နှစ်ဖက်စလုံးက သုံးနေကြတာပဲ" ဟု ဦးခင်မောင်လတ်က ဆိုသည်။
ကျောက်တန်းရွာမီးလောင်နေမှုသည် ရဟတ်ယာဉ်မလာခင်ကတည်းက လက်နက်ကြီးကျ၍ မီးလောင်နေကြောင်း၊တိုက်ပွဲမဖြစ်ခင် ကြိုတင်ပြီး ရှင်းလင်းသည့်သဘောဖြစ်ကြောင်း၊ တပ်မတော်စစ်ကြောင်းက ယင်းဘက်သို့ သွားသဖြင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ လက်ရှိ အချိန်အထိ ဖြစ်နေဆဲဖြစ်ကြောင်း၊ လက်နက်ကြီး အသုံးပြုမှု များပြားပြီး နှစ်ဖက်စလုံးက အသုံးပြု ကြကြောင်း ၎င်းက ဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် တိုက်ပွဲ မရှိဘဲ တပ်မတော်ဘက်က တောင်တန်းများနှင့် တောအုပ်များကို ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့တွင်လည်း ဆက်လက်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရသေ့တောင်ဒေသခံများက ဆက်သွယ်လာပြီး တပ်မတော်၏ ပစ်ခတ်မှုကြောင့် ကျောက်တန်းကျေးရွာမီးလောင်နေသည်ဟုလည်း ဆက်သွယ်ပြောဆိုကြသည်။
ကျေးရွာမီးလောင်နေသော်လည်း ကျေးရွာသူကျေးရွာသားများအားလုံးမှာ နေရပ်ကို စွန့်ခွာသွားပြီးဖြစ်၍ တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ဦးခင်မောင်လတ်က ဆက်လက်ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ရသေ့တောင်တိုက်ပွဲများနှင့်ပတ်သက်ပြီး တပ်မတော်ဘက်သို့ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။
https://www.facebook.com/khitthitnews/photos/a.386800725090613/863292094108138/?type=3&__xts__%5B0%5D=68.ARCWye6bbiu2Dqzs-meRz23C9wS8IFyoRFFgSCJZT24CQ8Ob4U25_TYkU3gQ2LcV4VkxpAMw4Spw0Ml4bvSMXPN31ZATp2ST4VBeL7-wJ9SilJCmTwHW1CtGJIQD-57YtKOrnWIYFD8pnXrFGqqGT1phJ6qa0cOSdD1_LZ7yeHtI_LhyXMdxJ7gHiwFmr0PZ5B4R6WwlPxSWJImz0DscnBkkEZQEL-vE8oK1n3PqEgOagovHq7b5nUA7QuHIwRoJUfr50QJIrSye61rEAC4SqNMNZhoKzq8PrsaOB_mtVP4Mm1pO440oEkI0idi3dkPBYPE-7hp7Abxsr69q-4wKVwo&__tn__=-R

No comments:

Post a Comment