Sunday, March 1, 2020

တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအား ခေတ္တ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ခြင်း

တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအား ခေတ္တ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ခြင်း
နေပြည်တော်၊ မတ်လ - ၁   
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ဖြစ်ပွားခဲ့သည့်COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (Public Health Emergency of International Concern)  အဖြစ်ကြေငြာခဲ့သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း လတ်တ လောကမ္ဘာ့နိုင်ငံများ၌ ဖြစ်ပွားလျက်ရှိသည့် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်လွှာနှင့် ရှောင်ကြဉ်ရမည့် အချက်များအား နေ့စဉ်အသိပေး ပြန်ကြားလျက်ရှိကြောင်း တွေ့ရှိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ကိုရီးယားသမ္မတနိုင်ငံ၊ အီရန်နိုင်ငံ၊ အီတလီနိုင်ငံ အစရှိသည့်နိုင်ငံများတွင် ရောဂါဖြစ်ပွားသူများ ရုတ်တရက် တစ်ပြိုင်နက် တွေ့ရှိရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အလားတူအခြေအနေမျိုး အချိန်၊ နေရာမရွေး၊ လူအများ၌ ကူးစက်ဖြစ်ပွားနိုင်ကြောင်းနှင့် လူစုလူဝေးများပြားရာ နေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန်၊ မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင် များကိုသာ ပြုလုပ်ရန်နှင့် အကယ်၍ ပွဲလမ်းသဘင်များ မလွှဲမရှောင်သာ ကျင်းပရပါကကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးနှိုးဆော်ချက်များအား တိကျစွာလိုက်နာရန် အသိပေး နှိုးဆော်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ COVID-19 ရောဂါအား ကူးစက်မြန်ရောဂါ (သို့မဟုတ်)တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်သည့် အမိန့်အမှတ်စဉ် ၁၉/၂၀၂၀ ကို ထုတ်ပြန်ခဲ့ကြောင်းတွေ့ရှိရပါသည်။  
သို့ဖြစ်၍ တပ်မတော်အနေဖြင့် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားနှင့် ပတ်သက်၍ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်းနှင့် WHO နှင့် နိုင်ငံတကာမှ COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်မှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကျင်းပနိုင်ရေး ဆက်လက်စီမံဆောင်ရွက်ရန်လျာထားကြောင်း အသိပေး ထုတ်ပြန်အပ်ပါ သည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment