မောင်တောတွင် ဒေသန္တရလက်လုပ်မိုင်းများ သိမ်းဆည်းရမိ
30-Mar-2020
ရန်ကုန်၊ မတ် ၂၉
ရခိုင်ပြည်နယ်မောင်တောမြို့နယ်၊ ပြင်ဖြူ- ကျီးကန်းပြင်သွားကားလမ်းတွင် ဒေသန္တရလက်လုပ်မိုင်းများသိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ပြင်ဖြူ-ကျီးကန်းပြင်သွားကားလမ်း၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မတ်လ ၂၇ ရက် ည ၁၁ နာရီ ခွဲခန့်တွင် လမ်းလျှောက်လာသည့် မသင်္ကာဖွယ်လူနှစ်ဦးအားတွေ့ရှိသဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ အထုပ်နှစ်ထုပ်ကိုပစ်ချ၍ ထွက်ပြေးသွား ခဲ့ကြောင်းသိရသည်။
အဆိုပါ အထုပ်နှစ်ထုပ်ကိုလုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဆာလာအိတ် (အဖြူရောင်)ဖြင့်ထုပ်ထားသည့် အမြင့် ၁ ပေ၊ လုံးပတ် ၃၀ လက်မခန့်ရှိ အဝါရောင်ဂက်စ်အိုး(အဟောင်း)ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်းတစ်လုံးနှင့် ပုဆိုးအဟောင်းဖြင့် ထုပ်ထားသည့် အမြင့် ၈ လက်မခွဲခန့်၊ လုံးပတ် ၁၃ လက်မခွဲခန့်ရှိသံပိုက်လုံးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း နှစ်လုံးအားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဒေသန္တရလက်လုပ်မိုင်းများအားသက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံမည်ဖြစ်ကြောင်းနှင့် ယင်းနေရာတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
No comments:
Post a Comment