တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပစ်ခတ်မှုများကြောင့် ၂ ဦး သေဆုံး ၊ ၁၀ ဦး ဒဏ်ရာရ
01-Mar-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉
မြောက်ဦးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၉ ရက် ၊ နံနက်ပိုင်းက တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကာ ပြန်လည်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ ၂ ဦး လက်နက်ငယ်ကျည်ထိမှန် သေဆုံးခဲ့၍ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဦးမြို့နယ် ၊ ဘုတလုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာညွန့်က ပြောကြားသည်။
"စစ်သားတွေက စစ်ကားတွေနဲ့ မိုးပေါ်ထောင်ပြီးပစ်တယ်။သူတို့ပစ်တဲ့ လက်နက်ငယ်ကျည်က ကျေးရွာတွေပေါ်ကျခဲ့တာ ဖြစ်တယ်လို့ ကျွန်တော်ကြားသိရတယ်" ဟု ၎င်းကဆိုသည်။
မင်းပြားမြို့နယ်ဘက်မှ မြောက်ဦးမြို့နယ်သို့မောင်းလာသည့် တပ်မတော်ယာဉ်တန်းသည် မြောင်းဘွေကျေးရွာအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် မသင်္ကာသည့်နေရာများကို ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် မြောင်းဘွေကျေးရွာနှင့် ဘုတလင်းကျေးရွာရှိ အရပ်သားများ ထိမှန်သေဆုံး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။
"မိုင်းဆွဲခံရတော့ တပ်မတော်စစ်ကြောင်းက မသင်္ကာတဲ့နေရာတွေကိုပစ်တဲ့အခါ အရပ်သားအချို့ ဒဏ်ရာရ သေဆုံးတယ်လို့ ကြားသိရတယ်။ဒဏ်ရာရရှိသူနဲ့ သေဆုံးသူကို တိုက်နယ်ဆေးရုံသို့ တင်ပို့ထားတယ်လို့သိရပါတယ်" ဟု ၎င်းကဆိုသည်။
တပ်မတော်က ပြန်လည်ပစ်ခတ်ခြင်းကြောင့် ဘုတလုံးကျေးရွာနေ မာမတ်ဟာရက်စ် အသက် (၁၈)နှစ်နှင့် မာမတ်ရောဟီး အသက် (၁၉)နှစ်တို့ လက်နက်ငယ်ကျည်ထိမှန်သေဆုံးခဲ့ကာ ဘုတလုံးကျေးရွာနှင့် မြောင်းဘွေကျေးရွာတို့မှ ဒေသခံ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါပစ်ခတ်မှုများနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းစစ်ဌာနချုပ် (နပခ) တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ကို ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
No comments:
Post a Comment