Friday, March 27, 2020

မြန်မာဌာန | သတင်းများ

မြန်မာဌာန | သတင်းများ

ရခိုင်ဒေသ သတင်းစာမျက်နှာနှစ်ခု ပိတ်ဖို့ အစိုးရညွှန်ကြား
ဖြူဖြူခိုင်
2020-03-27အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်
Development Media Group ရဲ့ ရုံးခန်းကို တွေ့ရစဉ်
Development Media Group ရဲ့ ရုံးခန်းကို တွေ့ရစဉ်
Photo: RFA
ရခိုင်ပြည်နယ်က သတင်းတွေကို ဦးစားပေးတင်ပြနေတဲ့ နိရဉ္ဇရာ နဲ့ Development Media Group (DMG) သတင်းဌာနတွေရဲ့ ဝက်ဆိုဒ် စာမျက်နှာတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနက ကြည့်ရှုခွင့် ပိတ်လိုက်ပါတယ်။

မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းထဲက Development Media Group (DMG) ဝက်ဆိုဒ်ကို ကြည့်ခွင့် ပိတ်လိုက်တာ Mytel မိုင်တဲလ် နဲ့ MPT အော်ပရေတာတွေကနေ တစ်ဆင့် အင်တာနက်တွေနဲ့ ကြည့်လို့မရတော့ဘူးလို့ ပရိတ်သတ်တွေက ပြောလာတယ်လို့ DMG သတင်းဌာန ဝက်ဆိုဒ်တာဝန်ခံ ကိုညိုထွန်းက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ သတင်းဌာန DMG ရယ် နိရဉ္ဖရာ  ရယ် အဲဒီနှစ်ခု ပါသွားတဲ့အပေါ်  စိတ်မကောင်းဘူး။ မှားပြီးတော့ ပါသွားတယ်ဆိုရင်တောင် တစ်ခုပဲပေါ့။ အခုက နှစ်ခုစလုံး  ပါသွားတယ်ဆိုတော့ တမင်သက်သက် လုပ်သလို ဖြစ်နေတာပေါ့။ ဒီအပေါ်မှာ MPC ရယ် ဆက်သွယ်ရေး ဝန်ကြီးဌာနရယ်ကို စာတင်ဖို့တော့ ရှိတယ်။”

ပြာကားဆိုဒ်တွေ၊ သတင်းတု၊ သတင်းမှား၊ အမုန်းစကားဖြန့်တဲ့ သတင်းဆိုဒ်တွေကိုပိတ်ဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့ ကစပြီး ညွှန်ကြားထားတာဖြစ်ပါ တယ်။

ဆက်သွယ်ရေး အော်ပရေတာတွေ အားလုံးနဲ့ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေ အားလုံးကို ပိတ်ဖို့ ညွှန်ကြားထားတာလို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမျိုးဆွေက ပြောပါတယ်။

“အော်ပရေတာ တစ်ခုထဲမဟုတ်ဘူး အော်ပရေတာ တော်တော်များများကို ပွန်းဆိုဒ်တွေ၊ ကလေးသူငယ် အဓမ္မပြုကျင့်မှုတွေလည်း များလာတဲ့အတွက် လိင်မှုဆိုင်ရာ ဝက်ဆိုဒ်တွေ တစ်ခြား သတင်းတုသတင်းယောင်တွေနဲ့ ပြည်သူတွေ ကြောက်လန့်အောင် လုပ်တဲ့သူတွေကို ပိတ်ဖို့ပြောတာပါ။ ရခိုင်ပြည်နယ်မှာတင်မဟုတ်ပါဘူး တစ်နိုင်ငံလုံး အင်တာနက် ရတဲ့နေရာတွေမှာ ပိတ်ဖို့ အကုန်လုံးကို စာထွက်ထားပါတယ်။”

ပိတ်လိုက်တဲ့အထဲမှာ သတင်းဌာနတွေ ပါသွားတယ်ဆိုရင် အမုန်းစကားနဲ့ သတင်းမှားတွေ မဖြန့်ဝေခဲ့ ဖူးဘူးဆိုတာမျိုးနဲ့ တင်ပြနိုင်တယ်လို့ ဦးမျိုးဆွေက ဆိုပါတယ်။

နိရဉ္ဇရာ သတင်းဌာနဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းဖြစ်တဲ့ အတွက် အခုလို ပိတ်လိုက်တာကို မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကနေတစ်ဆင့် လုပ်ဆောင် သွားမယ်လို့ နိရဉ္ဇရာ သတင်းဌာန အယ်ဒီတာ ဦးခိုင်မြတ်ကျော်က ဆိုပါတယ်။

“သူတို့ နားလည်မှုလွဲတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ပြန်ကြားရေးက တရားဝင် ရီဂျက်စတာနဲ့ လုပ်နေတာပါ ဝက်ဆိုဒ်ဆို သန်းနဲ့ချီလာကြည့်တာရှိတယ်။ သူတို့က ကျွန်တော်တို့အကြောင်းကို သေချာမသိပဲ နားလည်မှုလွဲတာပါ။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ လူကြီးတွေနဲ့ ဥပဒေပညာရှင်၊ အိုင်တီတွေနဲ့ ဆွေးနွေးပြီး ဘယ်လိုလုပ်မလဲဆိုတာ ဆောင်ရွက်မှာပါ။”

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အွန်လိုင်းစာမျက်နှာ ၂ဝဝ ကျော်ကို အင်တာနက်သုံးသူတွေ ဝင်ရောက်ကြည့်ရှုလို့မရအောင် ပိတ်ပင်ဖို့ ညွှန်ကြားခဲ့တယ်လို့ Telenor ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်အခြေစိုက် Frontier Myanmar သတင်းဌာနကို ပြောပါတယ်။

ညွှန်ကြားတဲ့အတိုင်း ဝက်ဆိုက် ၁၅၄  ခုကို တယ်လီနောက ပိတ်လိုက်ပေမယ့် သတင်းအတု ဖြန့်တယ်လို့ အစိုးရကဆိုတဲ့ ဝက်ဆိုက် ၅၃ ခုကိုတော့ ပိတ်ဖို့ ငြင်းပယ်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တယ်လီနော သုံးစွဲသူတွေဟာ ရခိုင်ပြည်နယ်အခြေစိုက် ထင်ရှားတဲ့ ဒေသတွင်း သတင်းဌာနနှစ်ခု နိရဉ္ဇရာ နဲ့DMG တို့ရဲ့ စာမျက်နှာတွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ‌‌‌‌အော်ရီဒူး သုံးစွဲသူတွေလဲ ဝင်‌ရောက်ကြည့်ရှု လို့ရပါတယ်။

နိရဉ္ဇရာသတင်းဌာန နဲ့ Development Media Group (DMG) သတင်းဌာနတွေဟာ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခ သတင်းတွေကို အဓိက တင်ပြနေတဲ့ သတင်းဌာနတွေ ဖြစ်ပါတယ်။


နိရဉ္ဇရာသတင်းဌာနကို ၂၀၀၁ ခုနှစ် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး လက်ရှိမှာ စစ်တွေအခြေစိုက် သတင်းဌာနအဖြစ် ရပ်တည်နေပါတယ်။

DMG သတင်းဌာနကို ၂၀၁၂ ခုနှစ်က မြန်မာ-ထိုင်းနယ်စပ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်တွေအခြေစိုက် မီဒီယာအဖြစ် ရပ်တည်နေပါတယ်။

https://www.rfa.org/burmese/news/two-rakhine-based-news-agency-banned-03272020065510.html

No comments:

Post a Comment