ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လိုင်ဇာဌာနချုပ်မှာ အစိုးရကနေ တရားမဝင်နဲ့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို လက်မခံဖို့ တပ်မတော်က သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးကနေ KIO အနေနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ဌာနချုပ်မှာ လက်မခံဖို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တွေကနေတဆင့် အသိပေး အကြောင်းကြားလာတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
“တပ်ကလည်းပဲ ကျနော်တို့ PCG ကို လိုင်ဇာမှာရှိတဲ့ AA အဖွဲ့တွေကို အကြမ်းဖက်သဘောအနေနဲ့ သတ်မှတ်ကြေညာလိုက်ပြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီ လိုင်ဇာမှာမရှိဖို့အတွက် ပြောခိုင်းတာတော့ မှန်ပါတယ်။ သူတို့အနေနဲ့တော့ AA တွေ အဲဒီမှာရှိတဲ့အခါကျတော့ AA တွေကို တိုက်မယ်လို့ ပြောတာပဲလေ။ AA ကို လာတိုက်တဲ့အချိန်မှာ KIO ဌာနချုပ်စခန်းမှာ တိုက်ပွဲဖြစ်တယ် ဘာညာ ဖြစ်လာမှာစိုးလို့ ကြိုတင်ပြီးတော့မှ AA ကို လိုင်ဇာမှာမရှိဖို့အတွက် ထွက်ခွာဖို့အတွက်ကို ပြောဖို့အတွက် အကြောင်းကြားခိုင်းတာ ဖြစ်တယ်ခင်ဗျ။”
ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ခေါ်ယူတွေ့ဆုံပြီး ပြောဆိုခဲ့တာပါ။
တကယ်လို့ KIO နယ်မြေမှာ AA ရှိရင် တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ တိုင်းမှူးက ပြောဆိုခဲ့ကြောင်း ဦးလမိုင်ဂွမ်ဂျာက ဆိုပါတယ်။
လိုင်ဇာဌာနချုပ်မှာ AA အဖွဲ့ကို လက်ခံမထားဖို့ တပ်မတော်ရဲ့ ဖိအားပေးလာတဲ့အပေါ် KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလမိုင်ဂွမ်ဂျာကတော့ AA အဖွဲ့ဟာ UWSA ၀တပ်ဖွဲ့ဦးဆောင်တဲ့ FPNCC ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဖြစ်တာကြောင့် သူတို့အဖွဲ့အတွင်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
“သူတို့အနေနဲ့ကတော့ FPNCC အဖွဲ့ဝင် ဖြစ်တဲ့အတွက်ကြောင့်မို့လေ သူတို့အနေနဲ့ ပြန်ဆွေးနွေးမှာပေါ့။ သူတို့ တွေ့ဆုံဆွေးနွေးပြီးတော့မှပဲ သူတို့ ပြန်ပြောမယ့်အကြောင်း ပြန်လာတယ်ခင်ဗျ။”
အစိုးရတပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်ရော မတရားအသင်းအဖြစ်ပါ အစိုးရက မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဥပဒေအကြောင်းအရာအရ အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်သူတွေကို အရေးယူဖွယ်ရာရှိတယ်လို့ ပြောပါတယ်။
“အကြမ်းဖက်အဖွဲ့အစည်းကို လက်ခံထားရင် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး အားပေးအားမြှောက်ရင် ဥပဒေထဲမှာ ရေးထားတဲ့ဟာကိုက တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သော်လည်းကောင်း အားပေးတဲ့ပုံစံမျိုး ဖြစ်နေရင် အရေးယူခံရမှာ ဖြစ်တယ်။ AA အဖွဲ့နဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ ဥပဒေအကြောင်းအရာအရ ငြိနိုင်တယ်လို့ ပြောခြင်းဖြစ်ပါတယ်။ အသိပေးတာ ဖြစ်ပါလိမ့်မယ်။”
မြန်မာအစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်တွေအနက်က AA ရခိုင်လက်နက်ကိုင်အဖွဲ့၊ TNLA တအာင်းပလောင်တပ်ဖွဲ့၊ ကိုးကန့်အဖွဲ့ MNDAA တို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။
မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ဖေဖော်ဝါရီလကတည်းက တွေ့ဆုံဆွေးနွေးမှု ရပ်တန့်နေပြီး အခုလက်ရှိ AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်ရော၊ မတရားအသင်းအဖြစ်ပါ ထပ်မံကြေညာထားတဲ့အတွက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ဟာ ခက်ခဲလာမယ့် အခြေအနေမှာ ရှိနေပါတယ်။
No comments:
Post a Comment