RCSS တပ်စခန်းကို တပ်မတော်က အင်အားအလုံးအရင်းဖြင့်၀င်တိုက်မှု ငြိမ်းချမ်းရေး လိုလားပါရဲ့လားဟု RCSS ဒုဗိုလ်မှူးကြီး အုမ်ခေး မေးခွန်းထုတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ မိုင်းကိုင်မြိ်ု့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စု၊ လွယ်တွမ်းတောင်ပေါ်ရှိ တပ်စခန်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တပ်မတော်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်သဖြင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လိုချင်ပါရဲ့လားဟု RCSSမှ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးကမေးခွန်းထုတ်လိုက်သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၀၅ မိနစ်တွင် မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စု၊ လွယ်တွမ်းတောင်ပေါ်ရှိ RCSS တပ်စခန်းကို တပ်မတော် တပ်ရင်း ၄ ခုဖြစ်သော ၅၂၅ ၊ ၅၂၀ ၊ ၅၇၅ ၊ ၅၇၄ တို့က အင်အား ၄၀၀ ခန့်ရှိ စစ်ကြောင်းများမှ လက်နက်ကြီး ပစ်ကူမှုဖြင့် စတင်ချီတက် တိုက်ခိက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းအထိ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“ မလုပ်သင့် မလုပ်ကောင်းတဲ့ကိစ္စပဲဆိုပြီးတော့ ကျွန်တော်တို့ လူကြီးတွေကော တော်တော်သံသယစိတ်ဝင်တယ်ပေါ့။ NCA ငြိမ်းချမ်းရေးကိုများ တကယ်မလိုချင်လို့လားလို့ တွေးမိတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုတစ်ခါ မဟုတ်ဘူးလေ။ အရင်တုန်းက လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဒီလိုတိုက်ပွဲတွေ ခဏခဏဖြစ်တဲ့အတွက်ကြောင့်မို့လို့ တခြားကိစ္စတွေလည်း ပါတဲ့အတွက် ၂၁ရာစု နိုင်ငံရေးဆွေးနွေးပွဲ သွားဖို့တောင်မှ တစ်နှစ်လုံးလုံးပျက်ပြားခဲ့တယ်လေ။ အဲဒီကိစ္စကနေပြီးတော့ လူကြီးတွေ အချင်းချင်း စိတ်ရှည်လက်ရှည်နဲ့ ပြန်ပြီးတော့ ငြိမ်းချမ်းရေးကို မဖြစ်မနေဆောင်ရွက်ရမယ့် နည်းလမ်းတစ်ခုပဲရှိတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဆိုပြီးတော့ ပြန်ပြီးတော့ နေပြည်တော်ထိလာပြီးတော့ နိုင်ငံတော်ကော စစ်တပ်ဘက်ကကော တွေ့ဆုံဆွေးနွေး သဘောတူညီချက်တွေရယူ UPDJC တွေကော JMC တွေကော သဘောတူညီချက်တွေ ရယူပြီးတော့ အခုထပ်ထိအခြေအနေတွေကောင်းလာတဲ့သဘောမျိုးရှိတာပေါ့။ ဒါပေမယ့်အခု ဒီလိုတစ်ဖက်သက်ဝင်တိုက်လိုက်တော့ လန့်သွားတယ်။ တော်တော်အံ့သြသြမိတယ်” ဟု ၎င်းကပြောဆိုသည်။
ယင်းသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် ကျဆုံးသူ စာရင်းကို လက်ရှိချိန်ထိ မသိရရှိရသေးကြောင်း တပ်မတော်ဘက်က လက်နက်ကြီးများဖြင့် ယနေ့ နေ့လယ် ၂နာရီထိ ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ဆက်လက်ပြောဆိုသည်။
RCSS အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းမှုဆွေးနွေးရေး ပူးတွဲကော်မတီ(UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အစည်းအဝေးဆိုင်ရာ ဆုံးဖြတ်ချက်များအား ပြည်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
https://www.facebook.com/khitthitnews/photos/a.386800725090613/861874727583208/?type=3&__xts__%5B0%5D=68.ARD4pE_XgcpwbtsbHWxnHvKl1_2glVEo_c3TARnY5yOTAM7pQrdyU20h1wGni-cBhlxi7G0i8NfZl6dVYPdehNMxg_B_jsRu7Pqt-HLdw2HBD7DsfXgKvhOLYtsYNEbFrznRG83-VtPAQStXFf4gxlHo7yyu83kbwnTkJniG5fpfP4bXS9SRbNi9NZ1ZbxsU1UTj4w2u-2Wmje6V3-37NpwAOwcDVcuKYGdTYWVcQ-3Va213AGrJ-qv-AJB9MqrfJCTnwVvLSJJerco2IcNLf7hGDBpRFWJLu0-20tRmMrHkB2ZNdicAB8KzlhIFIdL412ZQKh_W1WN0G9KkIDNxsqY&__tn__=-R
No comments:
Post a Comment