Wednesday, February 26, 2020

ရိုဟင်ဂျာအရေး ICJ မှာ မော်ဒိုက် ကြားဖြတ်အမှု တင်သွင်း

မော်ဒိုက်နိုင်ငံဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ICJ နိုင်ငံတကာတရားရုံးမှာ ကြားဖြတ်အမှုတင်တဲ့အကြောင်း ကြေညာပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်ကို ထောက်ခံပြီး၊ သူ့နိုင်ငံအနေနဲ့ ICJ တရားရုံးမှာ ကြားဖြတ်အမှု တင်သွင်းခဲ့တာပါ။ OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တဲ့ လုပ်ရပ်တွေ အရေးယူနိုင်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ မော်ဒိုက်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ICJ နိုင်ငံတကာတရားရုံးမှာ သူတို့အနေနဲ့ ကြားဖြတ်အမှု တင်သွင်းသွားမယ်လို့ မော်ဒိုက်နိုင်ငံခြားရေး ဝန်ကြီး Abudulla Shahid ရဲ့ မနေ့တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မိန့်ခွန်းမှာလည်း ပြောသွားပါတယ်။ လူ့အခွင့်အရေးရှေ့နေ Amal Clooney က မော်ဒိုက်နိုင်ငံရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သူဟာဟောလီဝုဒ် နာမည်ကျော်ရုပ်ရှင်မင်းသား George Clooney ရဲ့ ဇနီးဖြစ်ပါတယ်။ Amal Clooney ဟာ အရင်ကတည်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ တတ်တတ်ကြွကြွ ပြောဆိုခဲ့သူဖြစ်ပါတယ်။
ICJ နိုင်ငံတကာတရားရုံးကနေ ဂမ်ဘီယာ-မြန်မာအမှုမှာ ကြားဖြတ်အရေးပေါ် စီမံမှု ဆုံးဖြတ်ပေးခဲ့တဲ့ အပေါ်မှာလည်း မော်ဒိုက်နိုင်ငံအနေနဲ့ ကြိုဆိုထောက်ခံပြီး၊ ရိုဟင်ဂျာတွေ တရားမျှတမှု ခံစားခွင့်ရအောင်နဲ့ သူတို့နေရပ်ကို ဘေးကင်းစွာပြန်နိုင်ဖို့တွေကိုလည်း ကြိုးပမ်းသွားမယ်လို့ မော်ဒိုက်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်ကတော့ ရခိုင်မြောက်ပိုင်းက ဒီအရေးကိစ္စမှာ ပြည်တွင်းတရားစီရင်ရေး လမ်းကြောင်းကနေ အရေးယူ ဆောင်ရွက်မယ်လို့ ပြောပြီး၊ နိုင်ငံတကာက စွပ်စွဲတဲ့ လူမျိုးတုံးသတ်ဖြတ်မှု Genocide ကိုတော့ ငြင်းဆန်ထားပါတယ်။

No comments:

Post a Comment