Wednesday, February 26, 2020

“ဝ” လက်နက်ကိုင်အဖွဲ့တွင် ရဟတ်ယာဉ်တစ်စီးရှိနေပြီး တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ် မဟုတ်ဟု “ဝ” အဖွဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ပြောကြား

“ဝ” လက်နက်ကိုင်အဖွဲ့တွင် ရဟတ်ယာဉ်တစ်စီးရှိနေပြီး တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ် မဟုတ်ဟု “ဝ” အဖွဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ပြောကြား
၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ပြုလုပ်သည့် “ဝ” အဖွဲ့၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲတော် စစ်ရေးပြအခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့သည့် လက်နက်တပ်၍ ပစ်ခတ်နိုင်သော drone များအား တွေ့ရစဉ်
၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ပြုလုပ်သည့် “ဝ” အဖွဲ့၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲတော် စစ်ရေးပြအခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့သည့် လက်နက်တပ်၍ ပစ်ခတ်နိုင်သော drone များအား တွေ့ရစဉ်
PUBLISHED 26 FEBRUARY 2020
 
မင်းနိုင်စိုး

“ဝ” လက်နက်ကိုင်အဖွဲ့ (UWSA) တွင် ရဟတ်ယာဉ်တစ်စီး ရှိနေပြီး အဆိုပါ ရဟတ်ယာဉ်မှာ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ် မဟုတ်ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောကြားသည်။
“တိုက်ခိုက်ရေးသုံး မဟုတ်ပါဘူး။ တချို့ဖေ့စ်ဘွတ်ခ်မှာ တင်နေတာတွေလည်း တွေ့ပါတယ်။ ဒါက မဟုတ်ပါဘူး။ ဘာမှလည်းလုပ်လို့ ထူးထူးထွေထွေ မရပါဘူး။ ကျွန်တော် ပြောသလို အပျော်စီးပါပဲ” ဟု ဦးညီရန်းက ပြောကြားသည်။
အဆိုပါ ရဟတ်ယာဉ်သည် “ဝ” လက်နက်ကိုင်အဖွဲ့ထံသို့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ 
“ဒါက ဝယ်လာတာလား၊ ငှားလာတာလား ကျွန်တော်လည်း တိတိကျကျ မသိရပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဝယ်လာတာပဲဖြစ်ဖြစ် ငှားလာတာပဲဖြစ်ဖြစ် အခုဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်တွေမှာ နေရာတကာ နိုင်ငံတော်တော်များများလည်း ဒီအရပ်ဘက်ကုမ္ပဏီ အနေနဲ့ဖြစ်ဖြစ်သော် လည်းကောင်း၊ ဒီအရပ်သုံး ရဟတ်ယာဉ်တွေကို ကိုယ်ပိုင်ဝယ်လို့ရနေတဲ့ အနေအထား အချိန်အခါ ခေတ်မျိုးမှာ ဒါတွေ ရောက်လာတယ်။ ဝယ်လာနိုင်တယ်။ ဘာပဲပြောပြော ဒါတွေက မထူးဆန်းပါဘူး”ဟု ဦးညီရန်းက ပြောကြားသည်။
အဆိုပါ ရဟတ်ယာဉ်သည် အပျော်စီး အရပ်သုံး ရဟတ်ယာဉ်တစ်စီးသာဖြစ်ပြီး ခရီးရှည်လည်း သွားလာ၍ မရသကဲ့သို့ ကုန်စည်ပို့ဆောင်၍လည်း မရကြောင်း ၎င်းကပြောပြသည်။
“သုံး လေး ယောက်စီးပါပဲ။ အပျော်စီးပါပဲ။ ဘယ်နိုင်ငံက ရောက်လာတာလည်း မသိပါဘူး။ တခြားရည်ရွယ်ချက်နဲ့ ဝယ်တာ သုံးတာ ပြုတာ အဲဒါမျိုးလည်း မရှိပါဘူး။ ဒါက ကျွန်တော်တို့ “ဝ” ပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားတွေလည်း အမြင်တစ်ခုကျယ်အောင် ကျွန်တော်တို့ ယူလာရခြင်းပဲ ဖြစ်ပါတယ်”ဟု ဦးညီရန်းက ပြောသည်။
“ဝ” လက်နက်ကိုင်အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ် ရေးထိုးထားခြင်း မရှိသေးသော အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
“ဝ” လက်နက်ကိုင်အဖွဲ့ ဦးဆောင်၍ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဟူသော အဖွဲ့အစည်း တစ်ခုကိုလည်း ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့တွင် NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်သည့် ကချင်အဖွဲ့ (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ တအာင်းအဖွဲ့ (TNLA) ၊ ရခိုင်အဖွဲ့ (AA) တို့ ပါဝင်သည်။ 

No comments:

Post a Comment