Saturday, February 1, 2020

ရသေ့တောင်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာအနီးတောင်ကုန်းနှှင့် လယ်ကွင်းပြင်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီမှ ည ၃ နာရီအထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
အင်အား (၁၀၀)ကျော်ရှိသော တပ်မတော်စစ်ကြောင်းတစ်ခု အမျက်တောင်ကျေးရွာဘက်မှ ထွက်လာပြီးနောက် ရွာနှင့်မိုင်ဝက်အကွာတောင်ကုန်းနှင့် လယ်ကွင်းပြင်များတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲက တော်တော်လေးပြင်းထန်ပါတယ်။ ၄ နာရီလောက်ကြာမှ ရပ်တန့်သွားတယ်။ ကျနော်တို့ ဒီလိုတိုက်ပွဲမျိုး တစ်ခါမှမတွေ့ဖူးသေးဘူး။ ရှိလည်းမရှိဖူးသေးဘူး။ ဘာလိုလဲဆိုတော့ နေ့ခင်းကြောင်တောင် ပစ်ခတ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့” ဟု ယင်းဒေသခံက ပြောသည်။
နှစ်ဖက်စလုံး လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး ငစံဘော်၊ ကျောက်ရံနှင့် အမျက်တောင်ကျေးရွာသို့ ကျည်ဆန်များကျရောက်ခဲ့သည်ဟု ရသေ့တောင်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“ရသေ့တောင်မှာတော့ တိုက်ပွဲမဖြစ်တာ တစ်ပတ်လောက်ရှိပြီ။ ဒီနေ့တော့ တိုက်ပွဲဖြစ်တယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။
ယင်းရွာအနီးတွင် လွန်ခဲ့သည့် လေးလခန့်က တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သောကြောင့် လက်ရှိ ကျေးရွာတွင် ဒေသခံများနေထိုင်ခြင်းမရှိပေ။ အလားတူ ငစံဘော်၊ ညောင်ပင်လှ၊ မညင်းတောင်၊ ကျောက်ရံကျေးရွာတို့တွင်လည်း ရွာစောင့်အဖြစ် ကျန်လိုက်သည့် သက်ကြီးရွယ်အိုနှင့် အမျိုးသမီးကြီးများကလွဲပြီး တခြားသူများနေထိုင်ခြင်းမရှိဟု ဦးခင်မောင်လတ်ထံက သိရသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့်အခက်အခဲများ ရှိနေကြသည်။

No comments:

Post a Comment