Sunday, February 28, 2021

နမ္မတူ တိုက်ပွဲအတွင်း အမျိုးသမီးတဦးသေ၊ တဦးဒဏ်ရာရ

 သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် အမျိုးသမီး တဦးသေဆုံးပြီး၊ တဦး ဒဏ်ရာရရှိကြောင်းသိရသည်။နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် TNLA ပူးပေါင်း တပ် နှင့် RCSS/SSAတို့ တိုက်ပွဲ ယနေ့ အချိန်ထိ ဖြစ်ပွားနေကြောင့် ဒေသခံများပြောပြချက် အရသိရသည်။

မတ်လ (၁)ရက်နေ့တွင်လည်း တိုင်းရင်းသားအချင်းချင်းတိုက်ပွဲကြောင့် အမျိုးသမီး တဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ ယနေ့ မတ်(၃)ရက်မှာလည်း တိုက်ပွဲကြောင့် အသက် (၃၅)နှစ်အရွယ် အမျိုးသမီး လက်နက်ထိမှန်ခဲ့ကြောင်း သိရသည်။“ မတ် ၁ရက်မှာတော့ အသက် (၅၀)အရွယ် အမျိုးသမီး လက်နက်ကြီးထိလို့ လားရှိုးဆေးရုံပို့တယ်။ ဆေရုံမှာဆုံးသွားတယ်။ ဒီနေ့တော့ လက်နက်ကြီးစထိလို့ နဖူး၊ခန္ဓာကိုယ်အနည်းငယ်ထိတယ်။ သူလည်း လားရှိုးဆေးရုံမှာပါ” ဟု နမ္မတူ စစ်ဘေးရှောင်ကော်မတီမှ လုံးဘဉာဏ် က ပြောသည်။

နမ္မတူမြို့နယ် အတွင်း ယနေ့မနက်ပိုင်းမှ တိုက်ပွဲ စတင်ကာ နေ့လည်ပိုင်းထိ ဖြစ်ပွားကြောင်း၊ အမျိုးသမီး တဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိပြီး စိုးရိမ်ရကြောင်းလည်း ဒေသခံများက ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၅ရက် တွင်လည်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲကြောင့် အရပ်သားနေအိမ် လက်နက်ကြီးထိမှန်ကာ ကိုယ်ဝန်သည် အမျိုးသမီး တဦး နှင့် အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထိုတိုက်ပွဲများကြောင့် သျှမ်းမြောက် ကျောက်မဲမြို့နယ် နှင့် နမ္မတူမြို့နယ်အတွင်း စစ်ဘေးရှောင် တထောင်ကျော် ရှိကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့နယ် တော့ဆန်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွားတင်းမာနေသဖြင့် စစ်ဘေးရှောင် ၁၈၀ဦး အတွက် စားနိပ်ရိက္ခာသွားရောက်ပို့ဆောင်ရန် ခက်ခဲနေကြောင်းလည်း စုံစမ်းသိရသည်။

https://burmese.shannews.org/archives/21099

ဖမ်းဆီးခံထားရသည့် ALD ပါတီဝင်တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံသုံးဦးကို ပုဒ်မနှစ်ခုဖြင့်အမှုဖွင့်

 ဖမ်းဆီးခံထားရသည့် ALD ပါတီဝင်တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံသုံးဦးကို ပုဒ်မနှစ်ခုဖြင့်အမှုဖွင့်

 DMG Mar 1, 2021 တောင်ကုတ်



DMG | မတ် ၁


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီဝင် တစ်ဦးအပါအဝင် ဒေသခံသုံးဦးတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နှင့် ငြိမ်းစုစီဥပဒေပုဒ်မ(၁၉)တို့ဖြင့် အမှုဖွင့်ခံထားရကြောင်း မိသားစုဝင်များထံမှသိရသည်။


ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က တောင်ကုတ်မြို့ပေါ်၌ အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်စဉ် ALD ပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ ဒေသခံကိုလှိုင်မင်းထွန်း(ခ)သားကြီးနှင့် ကိုဇာနေထူး တို့ကို ရဲနှင့်တပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။


လက်ရှိမှာ ၎င်းတို့သုံးဦးကို တောင်ကုတ်မြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့် တွေ့ခွင့်မရ သေးကြောင်း သိရသည်။


ဖမ်းဆီးခံထားရသည့် ကိုသားကြီး၏ ညီမ မသန္တာက “ကျမတို့ အစ်ကိုနဲ့ တွေ့ခွင့်တောင်းတော့ တွေ့ခွင့် မပေးဘူး။ စခန်းမှူးက ကျမတို့အစ်ကိုတွေကို ငြိမ်းစုစီပုဒ်မအပါအဝင် ၅၀၅(က)နဲ့ အမှု့ဖွင့်ထားတယ်လို့ ကျမတို့ကိုပြောတယ်။ သူတို့နဲ့ တွေ့ခွင့်မရသေးတာကြောင့် ကျမတို့စိတ်ပူတယ်” ဟု ဆိုသည်။


ဖမ်းဆီးခံထားရသူများ အမှုဖွင့်ခံရမှုနှင့်ပတ်သက်ပြီး ALD ပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က “ကျနော်တို့လဲ စုံစမ်းနေတယ်၊ အာမခံပေးလို့ရမလား၊ ဒါမှမဟုတ် အမှုဖွင့်ထားပြီးပြီလားဆိုတာကို စုံစမ်း နေတယ်။ သေချာအတည်ပြုလို့မရသေးဘူး” ဟု ပြောသည်။


ယင်းသို့ အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းအား ဆက်သွယ်မေးမြန်းရန် ကြိုးပမ်း ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။


ရခိုင်ပြည်နယ်အတွင်း အာဏာရှင်စနစ်အလိုမရှိကြောင်းဆန္ဒဖော်ထုတ်ခဲ့သဖြင့် အမ်းမြို့နယ်မှ (၇)ဦး၊ တောင်ကုတ်မှ (၉)ဦး၊ မာန်အောင်မှ (၂)ဦးနှင့် သံတွဲမှ(၄)ဦး စုစုပေါင်း ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယင်းအထဲမှ အမ်းမြို့နယ်မှ ၇ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ၊ ငြိမ်းစုစီဥပဒေတို့ဖြင့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် အမ်းမြို့နယ်တရားရုံးမှ တစ်ဦးလျှင် ငွေဒဏ်ရှစ်သောင်းကျပ်စီ အမိန့် ချမှတ် ခဲ့သည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/ald-n-lcm-tke.html

ညီနောင်မဟာမိတ်(၃)ဖွဲ့၏တစ်ဖက်သတ်အပစ်ခတ်ရပ်စဲခြင်းအားထပ်မံသက်တမ်းတိုးမြှင့်ကြောင်းထုတ်ပြန်ကြေညာချက်

 

ညီနောင်မဟာမိတ်(၃)ဖွဲ့၏တစ်ဖက်သတ်အပစ်ခတ်ရပ်စဲခြင်းအားထပ်မံသက်တမ်းတိုးမြှင့်ကြောင်းထုတ်ပြန်ကြေညာချက်


https://www.arakanarmy.net/post/%E1%80%8A-%E1%80%94-%E1%80%84-%E1%80%99%E1%80%9F-%E1%80%99-%E1%80%90-%E1%81%83-%E1%80%96-%E1%82%95-%E1%80%90%E1%80%85-%E1%80%96%E1%80%80-%E1%80%9E%E1%80%90-%E1%80%A1%E1%80%95%E1%80%85-%E1%80%81%E1%80%90-%E1%80%9B%E1%80%95-%E1%80%85-%E1%80%81%E1%80%84-%E1%80%A1-%E1%80%91%E1%80%95-%E1%80%99-%E1%80%9E%E1%80%80-%E1%80%90%E1%80%99-%E1%80%90-%E1%80%99-%E1%80%84-%E1%81%BE%E1%80%80-%E1%80%84-%E1%80%91-%E1%80%90-%E1%80%95%E1%80%94-%E1%81%BE%E1%80%80%E1%80%8A-%E1%80%81-%E1%80%80

မြိတ်တွင် စစ်တပ်နှင့် ရဲက ကိုယ်ဝန်ဆောင် အမျိုးသမီးကို ရိုက်နှက်

 မြိတ်တွင် စစ်တပ်နှင့် ရဲက ကိုယ်ဝန်ဆောင် အမျိုးသမီးကို ရိုက်နှက်

ရိုက်နှက်ခံခဲ့ရသည့် အမျိုးသမီး

24.0k

By ဧရာဝတီ 1 March 2021

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်တွင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်များကို ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်တွင်းရှိသူများကို ရိုက်နှက်ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ရိုက်နှက်ခံရပြီး ငွေ ၄ သိန်းကျော်လည်း ယူဆောင်သွားခြင်း ခံရသည်ဟု သတင်းရရှိသည်။


မြိတ်မြို့မှ ဒေသခံများ လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် ရုပ်သံမှတ်တမ်းများတွင် ရိုက်နှက်ခံရပြီး ငွေ ၄ သိန်းကျော် ယူဆောင်ခံရသည့် အမျိုးသမီးမှာ ၎င်း၏ နေအိမ်အတွင်းသို့ စစ်တပ်နှင့်ရဲများက ဝင်လာပြီး ပစ္စည်းများကို ဖျက်ဆီးကာ ၎င်းကိုလည်း ရိုက်နှက်ကြောင်း ပြောဆိုနေသည်ကို တွေ့ရသည်။


ရုပ်သံမှတ်တမ်းတွင် အဆိုပါအမျိုးသမီးက ၎င်း၏ ဦးခေါင်းကို စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ က ရိုက်နှက်ပြီး ပိုက်ဆံအိတ် ၂ အိတ်ထဲမှ ငွေ ၄ သိန်းကျော်နှင့် ATM ကတ် တကတ်ကိုလည်းယူဆောင်သွားသည်ဟု ပြောသည်။


ရိုက်နှက်ခံရပြီး ငွေ ၄ သိန်းလုယူခံရသည့် အိမ်ရှင်များကိုဧရာဝတီမှ ဆက်သွယ်၍ မရသော်လည်း အိမ်ပိုင်ရှင် အမျိုးသားက ၎င်းက လူမှုကွန်ရက်တွင် “ပိုက်ဆံ ၄ သိန်းကျော် ယူသွားတာ။ ဒီငွေတွေက ငါတို့ အိမ်လုပ်ဖို့ စုထားတာ” ဟု ရေးသား ထားသည်။


မြိတ်မြို့တွင်း နေ့လည် ၁၂ နာရီဝန်းကျင်က ရွှေပြည်တန်ရပ်ကွက်အပါအဝင်၊ အင်းလေးမြိုင်ရပ်ကွက်၊ တိုးချဲ့ ရပ်ကွက် တို့တွင်လည်း နေအိမ်များရှေ့၌ ရပ်ထားသည့် ဆိုင်ကယ်များကို စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ဖျက်ဆီးသည့် အပြင် နေအိမ်များကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ အချို့နေအိမ်များကို ဝင်ရောက်ကာ အိမ်တွင်း ပစ္စည်းများ ဖျက်ဆီး ခြင်း၊ တံခါးများ ရိုက်ခွဲခြင်းများကို ပြုလုပ်ခဲ့သည်။



ခင်ပွန်းဖြစ်သူလည်း ရိုက်နှက်ခံခဲ့ရ

ရွှေပြည်တန်ရပ်ကွက်မှအမျိုးသမီးတဦးက “အင်အားနဲ့ ၁၀ ယောက်တဖွဲ့ အယောက် ၂၀ တဖွဲ့ ဝင်လာပြီး အိမ်ရှေ့တွေမှာ ရပ်ထားတဲ့ ဆိုင်ကယ် တွေကိုလည်း ရိုက်ခွဲတယ်။ အကုန်ဖျက်ဆီးတာ။ ကျမတို့နားက ဆိုင်ကယ် ၆ စီးအကုန်ကြေမွကုန် တယ်။ သုခလမ်းထဲက အမျိုးသမီး ဗိုက်ကြီးသည်ကိုလည်း ရိုက်တာ၊ သူ့အိမ်ထဲက ပိုက်ဆံ ၄ သိန်းတဲ့ဘီရိုထဲက ယူသွားတာ။ လုပ်သွားပုံတွေက ရမ်းကားပြီးကိုလုပ်သွားတာ” ဟု ပြောသည်။


ရွှေပြည်တန်ရပ်ကွက်တွင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက် ကလေးတဦး၏ ပါးတွင် လည်း ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သည်။


မြိတ်မြို့တွင် စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် ဒေသခံများက ဆန္ဒပြနေသည်မှာ ရက်ပေါင်း ၂၀ ကျော်ပြီ ဖြစ်သည်။


ဖေဖော်ဝါရီ ၂၈ ရက်က ဆန္ဒပြလူထုကို ရဲနှင့်တပ်တို့က ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် ဒဏ်ရာရရှိသူများရှိသည့် အပြင်အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။


ထို့ကြောင့် ယနေ့မနက်ပိုင်း၊ မတ် ၁ ရက်တွင် ဆန္ဒပြလူထုက ရပ်ကွက်များ၊ လမ်းမများအတွင်း ရဲနှင့် တပ်များ ဝင်မလာနိုင်စေရန် ပစ္စည်းများဖြင့် ပိတ်ဆို့ကာ ဆန္ဒပြကြသည်ကို လိုက်လံဖြိုခွင်းပြီး ရပ်ကွက်များအတွင်းသို့ လည်း ဝင်လာကာ နေအိမ်များကို ဖျက်ဆီးသွားခြင်း ဖြစ်သည်။



ပစ်ခတ်မှုကြောင့် ပါးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည့် ဆယ်ကျော်သက်လူငယ်တဦး

အင်းလေးမြိုင် ရပ်ကွက်၊ ကြာညိုလမ်းသွယ်အတွင်း၌လည်း ရဲနှင့်တပ် ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် နေအိမ်၃ လုံးထက်မနည်း ကျည်များ ဖောက်ဝင်ခြင်း၊ အိမ်တွင်း ပစ္စည်းများ ဝင်ရောက်ဖျက်ဆီးခံရခြင်း၊ အိမ်တံခါး မှန်များ ရိုက်ခွဲခံရခြင်းများ ဖြစ်ပွားထားသည်။


အင်းလေးမြိုင်ရပ်ကွက်မှ ဒေသခံအမျိုးသားတဦးက “ကျနော်တို့ ဒီနားတဝိုက်က အိမ်တွေက အေးအေးချမ်းချမ်း ကိုယ့်ဘာသာ နေနေတာ။ ဆန္ဒပြတဲ့ သူ ဝင်ပြေးတာ လိုက်လို့ ပုန်းတာမျိုး အခြေအနေ မဟုတ်ပဲ ဘလိုင်းကြီး တံခါးတွေကို ရိုက်ဖွင့်၊ ဖျက်ဆီးပြီး အိမ်ထဲကို အကုန်သောင်းကျန်းသွားတာ။ အမျိုးသမီးတွေကိုလည်း ရိုက်တယ်”ဟု ပြောသည်။


တိုးချဲ့ရပ်ကွက်တွင်လည်း နေအိမ်များအတွင်း ဝင်ရောက်ကာအမျိုးသား၊ အမျိုးသမီးများကို ရိုက်နှက်သည့်အပြင် အမျိုးသား ၄ ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်။


ရဲနှင့် တပ် က ၎င်းတို့ ဝင်ရောက်ရိုက်နှက်ခဲ့သည့် နေအိမ်များအတွင်း နေထိုင်သူအချို့ကိုလည်း “နောက်တခါ လုပ်ရဲလုပ်ကြည့်၊ ရိုက်တာတင် မကဘူး။ တအိမ်လုံး မီးရှို့ပစ်မယ်” ဟုလည်း ပြောဆိုသွားကြောင်း မျက်မြင်တွေ့သူများက ဧရာဝတီကို ပြောသည်။

https://burma.irrawaddy.com/news/2021/03/01/238782.html

သံတွဲက ဆန္ဒပြသူ ၄ ဦးကို ပုဒ်မ ၂ ခုဖြင့် တရားစွဲ

 သံတွဲက ဆန္ဒပြသူ ၄ ဦးကို ပုဒ်မ ၂ ခုဖြင့် တရားစွဲ

သံတွဲမြို့ခံများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ

6.2k

By ဧရာဝတီ 1 March 2021

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသဖြင့် ဖမ်းဆီးခံထားရသူ ၄ ဦးကို ပုဒ်မ ၂ ခု ဖြင့် သံတွဲမြို့နယ်တရားရုံးတွင် ယနေ့(မတ် ၁ ရက်) တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။


၎င်းတို့ ၄ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းဖြစ်ပြီး Video Conferencing စနစ်ဖြင့် ယနေ့ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တရားစွဲခံရသူ ကိုအောင်ခိုင်မြင့်၏ဖခင် ဦးမြင့်ထွေးက ပြောသည်။


၎င်းက “ဒီနေ့ ကလေးတွေကို ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ်တဲ့အချိန် တရားသူကြီးက ကလေးတွေကို ဘာပြောချင်တာ ရှိ လဲ မေးတော့ မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုတယ်လို့ ပြောတယ်။ သူတို့ တွေ့ခွင့်ပြုမယ်ဆိုရင်တော့ ကျနော်တို့ တွေ့ ခွင့်ရမယ်ပေါ့။ တွေ့ခွင့်မပြုဘူူးဆိုရင်တော့ မတွေ့ရဘူးပေ့ါ” ဟု ဧရာဝတီကို ပြောသည်။


တရားစွဲခံရသူ ကိုအောင်ခိုင်မြင့်၊ ကိုရန်ပိုင်ထွေး၊ ဦးခင်မောင်နှင့် မမြမြဝင်းတို့သည် သံတွဲမြို့ပေါ်တွင် ပြုလုပ်သည့် စစ်အာ ဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ၌ ပါဝင်ဆန္ဒပြခဲ့ကြသည် ဟုဆိုကာ ၎င်းတို့ ၄ ဦးအား ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက ရဲ တပ်ဖွဲ့မှ အဓမ္မလာရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။


ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း သံတွဲမြို့ပေါ်တွင် ပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြရန် လူစု နေစဉ် တပ်နှင့် ရဲတပ်ဖွဲ့က လူစုခွဲရန် မြို့ပတ်ပြီး ကားဖြင့် လှည့်လည် သတိပေးနေသည့်အတွက် ငပလီ ပင်လယ်ကမ်းခြေ သို့ သွားရောက်ပြီး ချီတက်ဆန္ဒပြခဲ့ရသည်။


သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အရ ပြစ်မှုထင်ရှားလျှင် ထိုသူကို ၃ နှစ်ထက် မပိုသော ထောင် ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ အရ ပြစ်မှုထင်ရှားလျှင် ထိုသူကို ၃ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။


ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း သံတွဲမြို့နယ် အပါအဝင် အမ်း၊ မာန်အောင်၊ တောင်ကုတ်၊ ဂွ စသည့် မြို့နယ်များတွင် ဆန္ဒပြကန့်ကွက်မှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သလို ဆန္ဒပြရာ၌ ပါဝင်ခဲ့သူများ အနက် သံတွဲမြို့နယ်က ၄ ဦး အပါအဝင် အမ်းမြို့နယ်က ၇ ဦး၊ တောင်ကုတ်မြို့နယ်က ၃ ဦး၊ ဂွမြို့နယ်က ၂ ဦး၊ မာန်အောင်မြို့နယ်က ၂ ဦး၊ စုစုပေါင်း ၁၈ ဦး ဖမ်းဆီးခံခဲ့ရသည်။


ဖမ်းဆီးခံရသူများအနက် အမ်းမြို့နယ်မှ ၇ ဦးကို အမ်းမြို့နယ်တရားရုံးတွင် ဒဏ်ငွေ ၈ သောင်းကျပ်စီ ပေးဆောင်ခိုင်း ပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက်၌ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

https://burma.irrawaddy.com/news/2021/03/01/238794.html

အလွန်အကျွံအကြမ်းဖက် နှိမ်နင်းနေခြင်းအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ သဘောထားထုတ်ပြန်

 

အလွန်အကျွံအကြမ်းဖက် နှိမ်နင်းနေခြင်းအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ သဘောထားထုတ်ပြန်

မွန်သတင်းအေဂျင်စီ (၀၂ မတ် ၂၀၂၁)

လူမှုကွန်ရက်များတွင် မြင်တွေ့နေရသော ရုပ်သံမှတ်တမ်းများအရ အဓိကရုဏ်းဖြေရှင်းသည့်  နည်းစနစ်များထက်ကျော်လွန်နေ၍ ရန်သူများကိုတိုက်ခိုက်ချေမှုန်းနေသည့်အသွင်များကို ဝမ်းနည်းဖွယ်မြင်တွေ့နေရပြီး မိမိတို့နိုင်ငံသားအချင်းချင်းအပေါ် အလွန်အကျွံအကြမ်းဖက်နှိမ်နင်းနေခြင်းအား  ပြင်းထန်စွာကန့်ကွက်တယ်ရှုတ်ချကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများက မတ်လ ၁ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။

UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က “အတော်လေး အင်အားသုံးတယ်ပေါ့နော်၊ အမှန်ကတော့ အပြစ်မဲ့ ပြည်သူတွေ လူငယ်တွေ အမျိုးသမီးတွေ သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်တာလေ။ အဲတာကို ဖြိုခွင်းတယ်ဆိုတဲ့ အခါမှာ သာမန်ဆန္ဒဖော်ထုတ်တဲ့ ဟာတွေကို သုံးနေကြ လက်နက်တွေမကဘူး တကယ့် ကျည်အစစ်တွေနဲ့ ပစ်တာ ခတ်တာတို့ ဖြစ်တဲ့အထဲမှာဆိုရင် တစ်နိုင်ငံလုံးမှာဆိုရင် လူပေါင်း ၂၀ ကျော်လောက် အမျိုးသမီးတွေ၊ ကလေးတွေ၊ ပစ်ခတ်ခံပြီးတော့ သေကြတယ်ပေါ့ဗျာ ဒါတွေကတော့ အင်အားကို အလွန်အကျွံသုံးတယ်လို့ယူဆတယ်။ အဲဒါကြောင့် ဒါမျိုးတော့ မဖြစ်သင့် အကုန်လုံးက ကျွန်တော်တို့ နိုငိငံသားတွေပဲဆိုပြီးတော့ အဲဒီရပ်တည်ချက်အနေနဲ့ ကျနော်တို့ UNA နဲ့ မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ပါတီနှင့် မိတ်ဖက်ဖြစ်သည့် ဒီမိုကရက်တစ်နိုင်ငံရေးအင်အားစုများအပါအဝင် အသင်းအဖွဲ့ ၁၃၀ ကျော်ကိုယ်စားပြုသည့်မဟာမိတ်တပ်ပေါင်းစုတစ်ခုဖြစ်ပြီး မကြာမီက အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညှိနှိုင်းအစည်းအဝေးကို သပိတ်မှောက်၍ တက်ရောက်ခဲ့ခြင်းမပြုကြပေ။

“ရှေ့မှာလည်း ကျွန်တော်တို့ နိုင်ငံမှာ အဲလို ဒီဆန္ဒပြပွဲတွေ၊ လူထုအုံကြွမှုတွေ လူထုတော်လှန်ရေးတွေ အများကြီး ဖြစ်ခဲ့တယ်။ သူတို့တွေက အင်အားသုံးပြီး ဖြေရှင်းခဲ့တာတွေပဲ ရှိတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ နိုင်ငံဟာ အတော်လေး နာတယ်ပေါ့ဗျာ။ ဆိုလိုတာက ထိခိုက်ခံစားရတဲ့ လူတွေ၊ သူတို့ရဲ့ အရိုးတွေတွန်ကြတယ်ပေါ့ဗျာ။ အဲဒီဟာကြောင့်လည်း မကြာမကြာ ကျွန်တော်တို့နိုင်ငံမှာ အုပ်ချုပ်မှု အမှားတွေ၊ ပြဌာန်းထားတဲ့ ဥပဒေအလွဲတွေကြောင့် အဲလိုဟာမျိုးတွေ ဖြစ်တာပေါ့။ ဒီတော့ ဒီလိုဟာတွေကြောင့် အကောင်းဆုံးနည်းကတော့ စေ့စပ်ညှိနှိုင်းပြီးတော့ အဖြေရှာခြင်းသည်သာ အကောင်းဆုံးလို့ကျနော်တို့ မြင်ပါတယ်” ဟု ဦးမျိုးကျော်က ဆက်ပြောသည်။

အလားတူ NLD နှင့် တပ်မတော်အကြား လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းဖြေရှင်းသည့်နည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင့် NCA လက်မှတ်ရေးထိုးထားသည့်  မွန်ပြည်သစ်ပါတီက ပြီးခဲ့သည့် ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းထားသည်။

မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှက “မူလအခြေခံလာတာက နိုင်ငံရေးပြဿနာကြောင့်ပါ ဒါကြောင့်မို့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ အေးအေးဆေးဆေးဖြေရှင်း စေချင်ပါတယ် ဆန္ဒဖော်ထုတ်တာက ပြည်သူတစ်ရပ်လုံးရဲ့ အခွင့်အရေးပါ ဆန္ဒပြတဲ့နေရာမှာလည်း နည်းမှန်လမ်းမှန်ရှိဖို့၊  ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာလည်း စည်းကမ်းတကျရှိစေချင်တယ် ကျနော်တို့ပါတီအနေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းတဲ့နည်းလမ်းကိုပဲ ဖြစ်စေချင်တယ် လက်ရှိကျနော်တို့နိုင်ငံရဲ့ အနေအထားမှာက ညှိနှိုင်းဖြေရှင်းနိုင်မှသာ ပြေလည်မှုရနိုင်မယ်လို့ ယူဆတယ်”ဟု ပြောသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူ (၉၁၃) ဦးရှိကြောင်း၊ အကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရသဖြင့် ကျဆုံးသွားခဲ့သူ (၃၀) ဝန်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အလွန်အကျွံအကြမ်းဖက် နှိမ်နင်းနေခြင်းအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ သဘောထားထုတ်ပြန် – မွန်သတင်းအေဂျင်စီ (monnews.org)

မြန်မာ့နွေဦး တော်လှန်ရေး

မော်လမြိုင်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲ (၂၂) ရက်မြောက်တွင် လူငယ်တစ်ဦး သေနတ်ထိမှန်သေဆုံး

 

မော်လမြိုင်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲ (၂၂) ရက်မြောက်တွင် လူငယ်တစ်ဦး သေနတ်ထိမှန်သေဆုံး

မွန်သတင်းအေဂျင်စီ(၁ မတ်လ ၂၀၂၁)

စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲကို မော်လမြိုင်မြို့တွင် နေ့စဉ်ဆက်တိုက်ပြုလုပ်လျှက်ရှိရာ (၂၂) ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့က လူငယ်တစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဈေးကြိုရပ်ကွက်တွင် ညနေ ၅ နာရီခွဲအချိန်ခန့်က လုံထိန်းတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ဆန္ဒပြနေသူ အသက် (၂၁) နှစ်အရွယ်ရှိ မောင်ဇင်မျိုးသူ၏ ဦးခေါင်းရှေ့နဖူးကို ကျည်ဆန်ထိမှန် သေဆုံးခဲ့သည်။

စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည့် သပိတ်စစ်ကြောင်းအသီးသီးကို စစ်တပ်နှင့် ရဲလုံထိန်းတပ်ဖွဲ့တို့ အင်အားသုံး ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် မော်လမြိုင်မြို့ပေါ်တွင် ဖေဖော်ဝါရီ ၂၈ ရက် တစ်နေ့အတွင်း လူ ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ရေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၁ ရက်မြောက်အဖြစ်ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် လူတစ်ဦးဒဏ်ရာရရှိပြီး ဖမ်းဆီးခဲ့သည့်ဆန္ဒပြသူတစ်ဦးကိုလည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ 

ရေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အင်အား ၂၀၀၀၀ ကျော်နှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းအချို့ ပူးပေါင်းပါဝင်ပြီး ပြည်သူ့ရင်ပြင်၌ စုရုံးရောက်ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များ လာရောက်ပိတ်ဆို့၍ စစ်ကား၊ ရဲကား၊ ရေကားများ မြို့အတွင်းလှည့်လည်ခဲ့သော်လည်း လူထုများက ကမ်းနားဈေးတွင်ပြန်စု၍ မြို့ပေါ် ငြိမ်းချမ်းစွာ လှည့်လည်ခဲ့သည်။

ထို့အပြင် သံဖြူဇရပ်မြို့ မြို့လယ်ရတနာပုံရုပ်ရှင်ရုံဟောင်းနေရာအနီး ကျိုက်ခမီလမ်းမကြီးပေါ်တွင် ဆန္ဒပြပြည်သူများ ချီတက်ရောက်ရှိလာစဉ် ရဲနှင့်စစ်တပ် လုံထိန်းတပ်ဖွဲ့ဝင်များမှ အသံမိုင်း ၃ လုံးဖြင့် လူစုခွဲခဲ့ပြီး လူငယ် ၂ ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများက ဖုန်းဆက်ပြောကြားခဲ့သည်။ 

အလားတူ သထုံ၊ ဘီးလင်းနှင့် ကျိုက်ခမီမြို့များတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ကြောင်း လူမှုကွန်ယက်စာများပေါ်တွင် သတင်းများပြန့်နံှ့လျှက်ရှိသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တစ်ရက်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးအပါဝင် နိုင်ငံတဝန်းမြို့ကြီးအားလုံးလိုလို ဆန္ဒပြပွဲများအရှိန်မြင့်ဖြစ်ပွားခဲ့ရာတွင် ရဲနှင့်စစ်တပ်လုံထိန်းတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ ကျည်အစစ်နှင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် မြန်မာနိုင်ငံတဝန်း လူ ၂၆ ယောက် သေဆုံးသွားရကြောင်း Generation Z က ပြောကြားလိုက်သော်လည်း MRTV သတင်းဖော်ပြချက်တွင် ယမန်နေ့က ၈ ယောက် သေဆုံးခဲ့ပြီး တနိုင်ငံလုံးတွင် လူ ၅၇၁ ယောက် ဖမ်းဆီးခဲ့သည့်အနက် ရန်ကုန်မှ ၃၂၂ ယောက်ပါဝင်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၁ ရက်မှ ယမန်နေ့အထိ လူ ၁၁၃၂ ယောက် ဖမ်းဆီးခံထားရပြီး ၃၀ ယောက်ခန့် သေဆုံးခဲ့ရကြောင်း စာရင်းပြုစုထားသည်။

မော်လမြိုင်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲ (၂၂) ရက်မြောက်တွင် လူငယ်တစ်ဦး သေနတ်ထိမှန်သေဆုံး – မွန်သတင်းအေဂျင်စီ (monnews.org)

မန္တလေးမြို့ ၇၆ လမ်းနှင့် ၃၅ လမ်းတွင် ဦးခေါင်း ကျည်ဆန်ထိမှန်၍ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ သုံးဦးရှိ

 မန္တလေးမြို့ ၇၆ လမ်းနှင့် ၃၅ လမ်းတွင် ဦးခေါင်း ကျည်ဆန်ထိမှန်၍ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ သုံးဦးရှိ

NEWS


PUBLISHED 28 FEBRUARY 2021

မန္တလေးမြို့ ၇၆ လမ်း နှင့် ၃၅ လမ်းတွင်  ဦးခေါင်းကျည်ဆန်ထိမှန်၍ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ သုံးဦးရှိကြောင်း သိရသည်။


ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) ညနေ ၅ နာရီခွဲခန့်တွင် အမျိုးသမီးတစ်ဦးမှာ အဆိုပါလမ်းပေါ်သို့ အိမ်ရှေ့မှ ထွက်ကြည့်စဉ် ဦးခေါင်းအား ကျည်ဆန်ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။


ထို့အတူ ၆၄-၆၅ လမ်းကြား ၄၀ (A) လမ်းတွင်လည်း မွန်းလွဲပိုင်းက ဆိုင်ကယ်မောင်းနှင် သွားလာနေသူတစ်ဦး ဦးခေါင်းအား ကျည်ဆန်ထိမှန် သေဆုံးခဲ့သည် ။


အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာများတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက် ဖြစ်ပွားနေသည့် အခြေအနေမရှိဘဲ လမ်းတွင် သွားလာနေသူများ ပစ်ခတ်ခံရခြင်း ဖြစ်သည်။


မန္တလေးမြို့တွင်  ဖေဖော်ဝါရီ ၂၈ ရက်က ရဲတပ်ဖွဲ့နှင့် တပ်မတော်၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၁၆ ဦးနှင့် သေဆုံးသူ သုံးဦးရှိခဲ့ပြီး သေဆုံးသူများအနက် တစ်ဦးမှာ နှလုံးထိမှန်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အရေးပေါ်နှင့် ထိခိုက်ဒဏ်ရာကုသရေးစင်တာမှ သိရသော်လည်း မည်သည့်နေရာတွင် ဖြစ်ပွားကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

https://news-eleven.com/article/205344

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ရတနာထွန်းပွဲရုံတန်းအနီးတွင် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံး

 မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ရတနာထွန်းပွဲရုံတန်းအနီးတွင် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံး

NEWS


PUBLISHED 28 FEBRUARY 2021 ဘိုဘိုမြင့်

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ရတနာထွန်း ပွဲရုံတန်းအနီးတွင် ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) ညနေ ၅ နာရီဝန်းကျင််က လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။


ထို့ပြင် အခြားပြည်သူ တစ်ဦးမှာလည်း ခြေထောက် သေနတ်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။


"ဈေးကြိုအဝိုင်းလမ်းဆုံနဲ့ ဈေးပွိုင့်လမ်းဆုံမှာ ရဲတွေနဲ့ တပ်မတော်က နေ့လယ်ပိုင်းကတည်းက နေရာယူထားကြတာ တွေ့ရတယ်။ အဲဒီနေရာဝန်းကျင်မှာ ဆန္ဒပြသူ သိပ်မရှိပေမဲ့ ညနေပိုင်းမှာ ဈေးကြိုကားဝန်းဝန်းကျင်၊ နောက် တက္ကသိုလ်ဘေးလမ်းဘက်၊ ဈေးကြိုကနေ ကျောက်မီးသွေးရုံဆင်းဘက် နေရာတွေမှာ သေနတ်လိုက်ပစ်တာတွေ ရှိတယ်။ မျက်ရည်ယိုဗုံးတွေနဲ့ လိုက်ပစ်တာတွေ ရှိခဲ့တယ်။ ညနေ ၅ နာရီလောက်မှာ ဈေးကြိုရတနာထွန်းပွဲရုံအနီးမှာ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ တစ်ဦး ခေါင်းပွင့်ပြီး သေတယ်။ တစ်ယောက်ကတော့ ခြေထောက် ထိသွားတယ်။ သူတို့ကို ရဲက ဝင်ကောက်သွားတယ်" ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက အတည်ပြုပြောကြားသည်။


မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းကတည်းက ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက အင်အားသုံး ပစ်ခတ်ဖြိုခွင်းမှုများရှိခဲ့ပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။

https://news-eleven.com/article/205345

 

အင်းစိန်ဆန္ဒပြသူများကို ရဲနှင့်စစ်တပ်က ပစ်ခတ်ဖြိုခွင်း၊ လူငယ်အများအပြား ဖမ်းဆီး

စစ်အာဏာရှင်ဆန့်ကျင်ရေး အင်းစိန်မြို့နယ် ဆန္ဒပြ ကျောင်းသားပြည်သူတွေကို ရဲနဲ့စစ်တပ်က သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီး လူငယ်တွေ အများအပြား ဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

ရဲတွေက လမ်းကို ပိတ်ဆို့ပြီး ပစ်ခတ်လို့ ဆန္ဒပြသူတွေ လူစုကွဲတုန်း လမ်းသွယ်တွေထဲကို ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

“ကလေးတွေ အများကြီး ပါသွားပြီ၊ ဟေ့ကောင်တွေ အဲဒါ ကလေးတွေကွ၊ အဲဒါပြည်သူက မွေးတာကွ ဟာ အများကြီးပဲ၊ အဲလမ်းထဲကို မဝင်ပါနဲ့လို့ ပြောတယ်။ ကောင်မလေးလည်း ပါတယ် ဖမ်းသွားတာ။”

လူငယ်တွေကို ဖမ်းဆီးသွားတဲ့အတွက် ဒေါသထွက်နေတဲ့ ဆန္ဒပြသူအချို့ကိုလည်း စိတ်အေးအေးထားဖို့ ဆန္ဒပြသူတွေက ဝိုင်းဝန်းပြောဆိုနေကြတာကို လူမှုကွန်ရက်မှာ တင်ထားတဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။

လက်ရှိမှာတော့ ဆန္ဒပြသူတွေက အင်းစိန်လမ်းမကြီးပေါ်မှာ ဒိုင်းအဖွဲ့တွေနဲ့ ကာရံပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆက်လက်ဆန္ဒနေကြပါတယ်။


http://burmese.dvb.no/archives/447404

 

ရန်ကုန်အပါအဝင် မြို့ကြီးအချို့က သပိတ်စစ်ကြောင်းများကို ရဲနှင့်စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်း

ဒီနေ့ မြန်မာနိုင်ငံအတွက် အာဆီယံနိုင်ငံတချို့မှာပါ ဆန္ဒပြဖို့ စီစဉ်ထားပြီး ရန်ကုန်အပါအဝင် မြို့တချို့မှာ သပိတ်စစ်ကြောင်းတွေ စစချင်းမှာပဲ ရဲနဲ့ စစ်တပ်က ဖြိုခွင်းနေပါတယ်။

သာကေတ ၇ ရပ်ကွက်က နေ့တိုင်းထွက်နေတဲ့ သပိတ်စစ်ကြောင်းကို ဒီနေ့မှာတော့ ရပ်ကွက်ထဲက မထွက်ခင်မှာဘဲ ရဲက ပစ်ခတ်ဖြိုခွင်းတာကြောင့် လူစုခွဲခဲ့ပြီး ရပ်ကွက်တွေထဲကို ပစ်ခတ်တာတွေ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

လှည်းတန်းတွင် အကြမ်းဖက်ဖြိုခွင်းမှုမှ ထိခိုက်ခံရသူတစ်ဦး

သိမ်ဖြူလမ်း ဝန်ကြီးများရုံးနားက နိုင်ငံခြားဘာသာစကားတက္ကသိုလ် သပိတ်စစ်ကြောင်းကိုလည်း ဖြိုခွင်းခံရလို့ အိမ်တွေထဲမှာ တိမ်းရှောင်နေရပြီး တယောက် ဖမ်းခံထားရတယ်လို့ ဆိုပါတယ်။

ဆူးလေကို ချီတက်ဖို့ ဝန်ကြီးများရုံး ဗိုလ်အောင်ကျော်လမ်းပေါ်မှာ စုရပ်ပြုလုပ်နေတဲ့ အင်ဂျင်နီယာကျောင်းသား သပိတ်စစ်ကြောင်းလည်း ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်လောက်က ပစ်ခတ်ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ သိရပါတယ်။

အင်းစိန်မြို့နယ်လည်း လူမှုဖူလုံရေးရုံးရှေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကိုလည်း မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ဖြိုခွဲ လူစုခွဲခဲ့ပြီး ဖမ်းဆီးခံရသူတွေနဲ့ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ လက်ရှိ ဆန္ဒပြသူတွေက အင်းစိန်လမ်းမကြီးပေါ်မှာ ဒိုင်းအဖွဲ့တွေနဲ့ ကာရံပြီး စုဝေးဆန္ဒနေပြကြပါတယ်။

ရန်ကင်း မိုးကောင်းမှာ ဆေးကျောင်းသားနဲ့ ဆရာဝန် ၆၀ ထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

လက်ရှိ မိုးကောင်းမီးပွိုင့်ထိပ်မှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲနေတာပါ။ ဆေးကျောင်းသားတွေဟာ ဆန္ဒပြဖို့ လူစုနေတုန်းမှာပဲ ဖြိုခွဲဖမ်းဆီးခံလိုက်ရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

ရန်ကုန်ရဲ့ နေရာတချို့မှာတော့ အသံဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး တချို့ ဒဏ်ရာရကြပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကျောက်တိုင်ထီးနားမှာ ဒီမိုကရေစီရရှိရေး ဆန္ဒပြတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၈ နာရီလောက်မှာ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဆန္ဒပြ ပြည်သူတွေကို ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ ရေအမြာက်တွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့သလို သေနတ်ဒဏ်ရာရရှိပြီး မပြေးနိုင်တဲ့ ပြည်သူတွေနဲ့ ဆရာ၊ ဆရာမ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့နယ်လုံးဆိုင်ရာ ချီတက်ပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မော်လိုက်မြို့မှာ သပိတ်စစ်ကြောင်းကို မြို့ထဲကို ဝင်လို့မရအောင် ပိတ်ထားတာကြောင့် မြစ်ဘေးသောင်မှာ ဆန္ဒပြနေကြပါတယ်။


http://burmese.dvb.no/archives/447383

 

ပုသိမ်တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲ၊ လူ ၂၀ ကျော်အဖမ်းခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကျောက်တိုင်ထီးနားမှာ ဒီမိုကရေစီရရှိရေး ဆန္ဒပြတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၈ နာရီလောက်မှာ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဆန္ဒပြ ပြည်သူတွေကို ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ ရေအမြာက်တွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့သလို သေနတ်ဒဏ်ရာရရှိပြီး မပြေးနိုင်တဲ့ ပြည်သူတွေနဲ့ ဆရာ၊ ဆရာမတွေ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြသူတွေက ၂ ဖွဲ့ခွဲပြီး လူအင်အား သိန်းနဲ့ချီကာ ဆန္ဒပြတာတွေ ပြုလုပ်နေချိန်မှာ ရဲတပ်ဖွဲ့က နောက်ဘက်က ဝင်ပြီး အကြမ်းဖက် ဖြိုခွင်းခဲ့တာလည်း ဖြစ်ပါတယ်။

ဆန္ဒပြတဲ့နေရာမှာ သတင်းရယူနေတဲ့ သတင်းထောက်တွေကိုလည်း လိုက်လံ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့သလို ဖုန်းသိမ်းယူတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မင်းထက်မုန်း

http://burmese.dvb.no/archives/447366

ဖားအံမြို့ ဆန္ဒပြပွဲ အင်အားသုံးဖြိုခွင်းခံရပြီး လူ ၄၀ ဦးကျော် ဖမ်းဆီးခံရ

 ဖားအံမြို့ ဆန္ဒပြပွဲ အင်အားသုံးဖြိုခွင်းခံရပြီး လူ ၄၀ ဦးကျော် ဖမ်းဆီးခံရ

February 28, 2021 1698


ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ


ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်)ပြုလုပ်သည့် ပြည်လုံးကျွတ်စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ သပိတ်စစ်ကြောင်းများကို နံနက် ၁၀ နာရီဝန်းကျင်ခန့်က စတင်ဖြိုခွဲခံရပြီး လူ ၄၀ဦးကျော် ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု ဦးဆောင်သူများက ပြောသည်။


ယနေ့ ဆန္ဒပြပွဲကို ဖားအံမြို့ ကမ်းနားညဈေး၊ ရေပေါ်ဈေး၊ အောင်သံလွင်ကွင်းအနောက် အောင်နန်း(၁) လမ်း ထိပ်၌ စုရုံးကြပြီးနောက် နံနက် ၉ နာရီတွင် စတင်ထွက်ခွာခဲ့ရာ ၁၀ နာရီဝန်းကျင်တွင် ကမ်းနားညဈေး၊ မြို့မရဲ စခန်းနှင့် နာရီစင်စသည့်နေရာတွင် မျက်ရည်ယိုဗုံးများနှင့် ရေအင်အားသုံးဖြိုခွင်းမှုများခံရသည့်အပြင် သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုများလည်းရှိသည်။


အဆိုပါ ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိသလို ဖမ်းဆီးခံရသူ ၄၀ ဦးကျော်တွင် အများစုမှာ မိန်းကလေးများဖြစ်ကြပြီး ၎င်းတို့ကို တောင်ကလေးထောင်သို့ ပို့ဆောင်လိုက်သည်ဟု နီးစပ်သူများက ပြော ဆိုကြသည်။


ယနေ့ ဖားအံမြို့ ဆန္ဒထုတ်ဖော်သူများကို မျက်ရည်ယိုဗုံးနှင့် သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယနေ့ ဖမ်းဆီးမှုတွင် အရပ်ဝတ်ဖြင့်ဖမ်းဆီးမှုများလည်းရှိသလို ယမန်နေ့ကလည်း ဖမ်းဆီးမှုများရှိသည်ဟု သိရသည်။

http://kicnews.org/2021/02/%e1%80%96%e1%80%ac%e1%80%b8%e1%80%a1%e1%80%b6%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95-%e1%80%86%e1%82%8f%e1%81%b5%e1%80%bb%e1%80%95%e1%80%95%e1%80%bc%e1%80%b2-%e1%80%a1%e1%80%84%e1%80%b9%e1%80%a1/

မြဝတီ ဆန္ဒပြမှု ရဲ နှင့်တပ်မှ လိုက်လံဖြိုခွဲ ဖမ်းဆီး။ လက်ရှိ ဖမ်းဆီးခံရသူ ၁၀ ဦးကျော်ရှိ

 မြဝတီ ဆန္ဒပြမှု ရဲ နှင့်တပ်မှ လိုက်လံဖြိုခွဲ ဖမ်းဆီး။ လက်ရှိ ဖမ်းဆီးခံရသူ ၁၀ ဦးကျော်ရှိ

February 28, 2021 350


ဖေဖော်ဝါရီ ၂၈ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ


ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူထုအား ရဲ နှင့် တပ်မှ လိုက်လံဖမ်းဆီးဖြိုခွဲပြီး လက်ရှိ နံနက် ၁၀နာရီခွဲအချိန်ထိ ဖမ်းဆီးခံရသူ ၁၀ ဦး ကျော်ထိ ရှိကြောင်း သိရသည်။


စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူထုသည် ယနေ့ နံနက်ပိုင်းက ပုံမှန်စုဝေးနေကျ မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ် ဘုရင့်နောင်လမ်းမကြီး ပေါ်တွင် စတင်စုဝေးနေစဉ် ရဲ နှင့် တပ်မှ

လူစုခွဲပေးရန် ပြောဆိုပြီး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ထိုသို့ ဖမ်းဆီးရာ ဘုရင့်နောင်လမ်းနှင့် ကြံခင်းလမ်းဆုံရှိ ပြည်သူ ၁၀ ဦးကျော်ခန့် အဖမ်းခံရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။


လက်ရှိအချိန်ထိတော့ ဆန္ဒပြလူထုမှာ လမ်းသွယ်များဆီ လူစုခွဲချီတက်ပြီး ဆန္ဒဖော်ထုတ်ရန် တာစူလျက်ရှိသည်။

http://kicnews.org/2021/02/%e1%80%bb%e1%80%99%e1%80%9d%e1%80%90%e1%80%ae-%e1%80%86%e1%82%8f%e1%81%b5%e1%80%bb%e1%80%95%e1%80%99%e1%82%88-%e1%80%9b%e1%80%b2-%e1%82%8f%e1%80%bd%e1%80%84%e1%80%b7%e1%80%b9%e1%80%90%e1%80%95/

 

မော်လမြိုင်တွင် ဆန္ဒပြလူငယ် ၁ ဦး သေနတ်ကျည်ဆန် ဦးခေါင်းထိမှန် သေဆုံး

မော်လမြိုင်မြို့၊ ဈေးကြိုရပ်၊ ရတနာထွန်းပွဲရုံအနီးမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ လူငယ်တစ်ဦး သေနတ်ကျည်ဆန် ဦးခေါင်းထိမှန်သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက DVB ကို အတည်ပြုပါတယ်။

သေဆုံးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်ဟာ မော်လမြိုင်မှာ စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပထမဦးဆုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ ဒီလူငယ်ဟာ အစ္စလာလမ် ဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့် မော်လမြိုင်က အစ္စလာမ်သုသာန်ကို ပို့ဆောင်လိုက်ပြီးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မော်လမြိုင်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ သပိတ်စစ်ကြောင်း အသီးသီးကို ရဲတပ်ဖွဲ့အင်အားသုံး ပစ်ခတ် ဖြိုခွင်းခဲ့တဲ့အတွက်ကြောင့် ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

http://burmese.dvb.no/archives/447701

 

နိုင်ငံတဝန်း စစ်တပ်နှင့်ရဲက ပစ်ခတ်မှုကြောင့် ၂၂ ဦး သေဆုံး

နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နှိမ်နင်းမှုကြောင့် စုစုပေါင်း ၂၂ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရတယ်လို့ ဒီဗွီဘီက ရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ပဲခူးတိုင်း ပဲခူးမြို့မှာ သေဆုံးသူ ၄ ဦး၊ ရန်ကုန်မြို့မှာ ၅ ဦး၊ တနင်္သာရီတိုင်းမှာ ထားဝယ်မြို့က ၅ ဦး၊ မြိတ်မြို့က ၃ ဦး (အတည်ပြချက်ရယူဆဲ) ၊ မန္တလေးတိုင်းမှာ မန္တလေးက ၃ ဦး၊ ပခုက္ကူမှာ ၁ ဦး၊ မော်လမြိုင်က ၁ ဦး  စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ပါတယ်။ 

ဒီနေ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် အခုလို သေဆုံး ဒဏ်ရာရခဲ့ကြတာပါ။ဖမ်းဆီးခံရသူတွေကတော့ နိုင်ငံတဝန်းမှာ ထောင်ချီရှိနိုင်ပြီး ပြန်လွတ်လာသူတွေလည်း ရှိနေပါတယ်။

မြိတ်မြို့မှာ ၃ ဦး သေဆုံးမှုနဲ့ သတင်းနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရယူနေဆဲဖြစ်ပါတယ်။ 

http://burmese.dvb.no/archives/447692

 

ထားဝယ်တွင် ရဲနှင့်စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ၅ ဦးသေ၊ ၇၀ ခန့် ဒဏ်ရာရ၊ ၁၈ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်တပ်နဲ့ရပ်တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရသူ စုစုပေါင်း အယောက် ၇၀ လောက်ရှိတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု ကော်မတီဝင် တဦးက ပြောပါတယ်။

“မေရီလမ်းဆေးရုံမှာ တယောက် ဆုံးတယ်။ ထားဝယ်ဆေးရုံကြီးမှာ ၃ ယောက် ဆုံးတယ်။ ဒေါက်တာလင်းမောင်ဆေးခန်းနားမှာ ဆိုက်ကားပေါ်ကနေ ဒဏ်ရာအပြင်းအထန်ရပြီး ရဲစခန်းမှာ ထားတဲ့တယောက်က ဆေးဝါးကုသမခံရဘဲ သေဆုံးသွားတယ်။ ဒဏ်ရာရသူစုစုပေါင်းက ၆၇ ယောက် ရှိတယ်။” 

ဒီနေ့မနက် အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခံရသူ ၁၈ ဦးရှိပြီး ထားဝယ်ရဲစခန်းမှာ ထိန်းသိမ်းချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။

“လက်ရှိ အဖမ်းခံရတဲ့သူတွေအတွက် ထားဝယ်က ရှေ့နေ့တွေက ရဲစခန်းမှာသွားပြီးတော့ ညှိနှိုင်းနေတယ်၊ ပြန်လွှတ်ပေးဖို့အတွက် ပြောနေကြတယ်။”

ဒီနေ့မနက် စစ်အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်ဆန္ဒပြ သပိတ်စစ်ကြောင်းတွေကို ရဲနဲ့ စစ်တပ်က သေနတ်နဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာလည်းဖြစ်ပါတယ်။ ထားဝယ် သပိတ်စစ်ကြောင်းမှာ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူ စတဲ့ လေးမြို့နယ်က ပြည်သူ ၄ သိန်းနီးပါး ပါဝင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

http://burmese.dvb.no/archives/447648